လှုပ်ရှားသူတွေကို ခြိမ်းခြောက် ဖမ်းဆီးမှု မလုပ်ဟု အီဂျစ်ဝန်ကြီးချုပ် ငြင်းဆို

လှုပ်ရှားသူတွေကို ခြိမ်းခြောက် ဖမ်းဆီးမှု မလုပ်ဟု အီဂျစ်ဝန်ကြီးချုပ် ငြင်းဆို

သမ္မတ မူဘာရက်ခ် (Hosni Mubarak) နှုတ်ထွက်ပေးရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး ၁၃ ရက်အကြာမှာ အီဂျစ်နိုင်ငံမှာ မတရားသင်း ကြေညာခံထားရတဲ့ မူဆလင် ညီအကိုတော်များအဖွဲ့ အပါအဝင် အတိုက်အခံ အဖွဲ့အစည်း ၆ ဖွဲ့နဲ့ ဒု-သမ္မတ အိုမာ ဆူလီမန် (Omar Suleiman) တို့ မနေ့က ပထမဆုံးအကြိမ် ကိုင်ရိုမြို့တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဒု-သမ္မတနဲ့ အတိုက်အခံအဖွဲ့ ကိုယ်စားလှယ်တွေ အားလုံးက သမ္မတ ရွေးကောက်ပွဲဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တရားရေးနဲ့ နိုင်ငံရေး နယ်ပယ်က ထင်ရှားသူတွေ ပါဝင်တဲ့ အစိုးရနဲ့ အတိုက်အခံတို့ရဲ့ ပူးတွဲ ကော်မတီတရပ်ကို ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြတယ်လို့ အီဂျစ်အစိုးရ ရုပ်မြင်သံကြားက ကြေညာခဲ့ပါတယ်။

အစိုးရဘက်က ကမ်းလှမ်းမှုတွေဟာ ပြဿနာတွေ ပြေလည်စေရေးအတွက် လုံလောက်မှု မရှိသေးသလို အစိုးရနဲ့ တွေ့ဆုံ စကားပြောတာဟာ ပထမခြေလှမ်းသာ ဖြစ်တယ်လို့ အတိုက်အခံတွေက ပြောပါတယ်။

သမ္မတ မူဘာရက်ခ် နှုတ်ထွက်ပေးရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး တိုးတက်မှုရှိအောင် အစိုးရက လုပ်ဆောင်ရင် သူတို့က ရှေ့ဆက်ပြီး အစိုးရနဲ့ ဆွေးနွေးသွားမယ်လို့ မူဆလင် ညီအကိုတော်များအဖွဲ့က ပြောပါတယ်။

မီဒီယာ လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ တင်းကျပ်ထားတာကို လျှော့ချပေးဖို့လည်း အစိုးရဘက်က သဘောတူညီခဲ့ပါတယ်။

အီဂျစ်အစိုးရ အနေနဲ့ နိုင်ငံရေး လှုပ်ရှားသူတွေ၊ သတင်းသမားတွေနဲ့ ဘယ်လို လူထုအခြေပြု အဖွဲ့အစည်းက အဖွဲ့ဝင်တွေကိုမဆို ဖမ်းဆီးချုပ်နှောင်တာ၊ နှောင့်ယှက်တာတွေ မလုပ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က တနင်္ဂနွေနေ့က အီဂျစ်ဝန်ကြီးချုပ် အာမက် ရှာဖစ် (Ahmed Shafiq) ကို တောင်းဆိုလိုက်ပြီး ဒီလို ဖမ်းဆီးနှောင့်ယှက်မှုတွေ လုပ်ဖို့ လုံး၀ ခွင့်မပြုဘူးလို့ ဝန်ကြီးချုပ် အာမက် ရှာဖစ်ကလည်း CNN ရုပ်မြင်သံကြားကို မနေ့က ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့က ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခဲ့တဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကဆိုင်ရာ Google အင်တာနက် ကုမ္ပဏီကြီးရဲ့ အရောင်းဌာန အကြီးအကဲ ဝါးလ် ဂိုနိမ်း (Wael Ghoneim) ကို ဒီကနေ့ ပြန်လွှတ်ပေးမယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အီဂျစ်အစိုးရနဲ့ မူဆလင် ညီအကိုတော်များ အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုတွေကို အမေရိကန်အစိုးရ အနေနဲ့ စောင့်ကြည့် လေ့လာပြီးမှ ချဉ်းကပ်ပါဝင်တဲ့ မူကို ကျင့်သုံးသွားမှာ ဖြစ်ပြီးတော့ အီဂျစ်သမ္မတ ဟို့စ်နီ မူဘာရက်ခ် အာဏာစွန့်ရေးမှသည် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေဆီ ဦးတည်တဲ့ အီဂျစ်မှာ အစီအစဉ်တကျ အသွင်ကူးပြောင်းရေးကိုပဲ အမေရိကန်က လိုလားတယ်၊ ဒါဟာလည်း အီဂျစ်ပြည်သူတွေရဲ့ လိုလားချက်ပဲ ဖြစ်တယ်လို့ ဂျာမဏီနိုင်ငံကို ရောက်ရှိနေတဲ့ ဝန်ကြီး ဟီလာရီ ကလင်တန်က တနင်္ဂနွေနေ့ အစောပိုင်းက အမေရိကန် အခြေစိုက် NPR ရေဒီယိုနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း အတိုက်အခံတွေနဲ့ အစိုးရတို့ရဲ့ မနေ့က တွေ့ဆုံဆွေးနွေးပွဲကို ဖိတ်ကြားခြင်း မခံခဲ့ရတဲ့ နိုင်ငံတကာ အဏုမြူ အေဂျင်စီ အကြီးအကဲဟောင်း နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် အယ်လ်ဘာရာဒီ (Mohamaed Elbaradei) က ဒီတွေ့ဆုံဆွေးနွေးမှုဟာ ရှင်းလင်းမှု မရှိဘူးလို့ အမေရိကန် NBC ရုပ်မြင်သံကြားနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။