အစိုးရ အမှုထမ်းလစာ တိုးပေမဲ့ အီဂျစ်မှာ ဆန္ဒပြမှုတွေ ဆက်ဖြစ်

အစိုးရ အမှုထမ်းလစာ တိုးပေမဲ့ အီဂျစ်မှာ ဆန္ဒပြမှုတွေ ဆက်ဖြစ်

အီဂျစ်နိုင်ငံက အစိုးရ ဝန်ထမ်းတွေရဲ့ လစာတွေကို ၁၅% တိုးမြှင့်ဖို့ အီဂျစ်အစိုးရသစ်အဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။ သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) ကို ဖြုတ်ချရေး ဆန္ဒပြနေတာတွေကို အရှိန်လျော့ကျသွားအောင် အစိုးရသစ်ရဲ့ ကြိုးပမ်းမှုတခုလည်း ဖြစ်ပါတယ်။ မနေ့တုန်းက အစိုးရအဖွဲ့ အစည်းအဝေးမှာ အခုလို ဆုံးဖြတ်ခဲ့တာပါ။

မြို့တော် ကိုင်ရိုက တဟီရီရင်ပြင်မှာ စခန်းဖွင့်ပြီး ပြည်သူတွေ ဆန္ဒပြလာတာ ၂ ပတ် ရှိလာခဲ့ပါပြီ။ နှစ်ပေါင်း ၃၀ ကြာ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တဲ့ အသက် ၈၂ နှစ်အရွယ် သမ္မတ မူဘာရက်ခ် ရာထူးက မဆင်းမချင်း ဆန္ဒဆက်ပြသွားမယ်လို့ သူတို့က ဆုံးဖြတ်ထားကြတာပါ။

တနင်္ဂနွေနေ့တုန်းကတော့ အီဂျစ် ဒု-သမ္မတ အိုမာ ဆူလေမန် (Omar Suleiman) က အတိုက်အခံ အင်အားစု ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။

သမ္မတ မူဘာရက်ခ်ကို ချက်ချင်း ရာထူးက ဆင်းပေးဖို့ သူတို့တောင်းဆိုနေတာကို အစိုးရအဖွဲ့က လုပ်ပေးနိုင်မှု မရှိခဲ့ဘူးလို့ အတိုက်အခံတွေက ပြောပါတယ်။ အဲဒီနေ့က ပြောဆိုမှုဟာလည်း ပီပြင်မှု မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း တွေ့ဆုံဆွေးနွေးမှုတခုရဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ အတိုက်အခံ အုပ်စုတွေက ပြောပါတယ်။

အီဂျစ်အစိုးရနဲ့ အတိုက်အခံ ခေါင်းဆောင်တွေအကြား ညှိနှိုင်းနေကြတာဟာ တိုးတက်မှု ရှိလာနေတာပဲလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရိုလီ (P.J Crowley) ကတော့ အခုလို တွေ့ဆုံခဲ့မှုဟာ လုံလောက်တဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံမှု မဟုတ်သေးလို့ စိုးရိမ်မှု ရှိတယ်လို့ ဆိုပါတယ်။

ဆွေးနွေးမှုမှာ အဖိတ်မခံရသူတွေ ရှိတယ်လို့ ဆိုပါတယ်။ အတိုက်အခံ အုပ်စုတွေနဲ့ အစိုးရအဖွဲ့အကြား နောက်ထပ် တွေ့ဆုံမှုတွေ ရှိမရှိ ဆိုတာတော့ မသိရပါဘူး။