အီဂျစ် ဆန္ဒပြပွဲ သေဆုံးသူ ၃၀၀ ကျော်ပြီ

အီဂျစ် ဆန္ဒပြပွဲ သေဆုံးသူ ၃၀၀ ကျော်ပြီ

အီဂျစ်နိုင်ငံ အနောက်တောင်ဘက် ဒေသမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကြား ပဋိပက္ခတွေကြောင့် အနည်းဆုံး ဆန္ဒပြသူ ၁ ယောက် သေဆုံးပြီး အများအပြားလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဇန်နဝါရီလ ၂၅ ရက်နေ့ကစလို့ ကုလသမဂ္ဂက လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ပြောဆိုထားတဲ့ ဆန္ဒပြပွဲတွေနဲ့ ဆက်နွယ်တဲ့ သွေးထွက်သံယို ပဋိပက္ခတွေထဲမှာ ဒါဟာ နောက်ဆုံး အဖြစ်အပျက် တခုလည်း ဖြစ်ပါတယ်။

New Valley ဒေသမှာ ဒီကနေ့ ဖြစ်ပွားတဲ့ အဓိကရုဏ်းအတွင်း သေနတ်နဲ့ ပစ်ခတ်မှုတွေကြောင့် ဆန္ဒပြသမား အများအပြား ဒဏ်ရာတွေ ရခဲ့ကြတာပါ။

နှစ်ပေါင်း ၃၀ နီးပါး အုပ်ချုပ်လာတဲ့ သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) ရာထူးက ထွက်ပေးဖို့ မြို့တော် ကိုင်ရိုက တဟီရာ လွတ်မြောက်ရေး ရင်ပြင်မှာ ဆန္ဒပြသူ ထောင်သောင်းချီပြီး ဆက်လက် စခန်းချ နေထိုင်ပြီး နောက်ထပ်လည်း ဆန္ဒပြသူတွေ တိုးလာနေချိန်မှာ အခုလို သွေးထွက်သံယို ပြဿနာတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေ ရက်အတော်ကြာတဲ့အထိ ဖြစ်ပွားနေတာတွေကို အစိုးရက ဆက်လက် သည်းညည်းခံနိုင်မှာ မဟုတ်ဘူးလို့ ဒု-သမ္မတ အိုမာ ဆူလေမန် (Omar Suleiman) ရဲ့ ပြောဆိုချက်ကိုတော့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။