ဆန္ဒပြသူတွေနဲ့ အီဂျစ်ရဲ ခိုက်ရန်ဖြစ်ပွား

ဆန္ဒပြသူတွေနဲ့ အီဂျစ်ရဲ ခိုက်ရန်ဖြစ်ပွား

ဆန္ဒပြသူတွေနဲ့ အီဂျစ်ရဲ ခိုက်ရန်ဖြစ်ပွား

သမ္မတဖြုတ်ချရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတဲ့ အီဂျစ်နိုင်ငံမှာ မနေ့တုန်းက ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အကြား ပဋိပက္ခတွေ ဖြစ်ခဲ့လို့ လူ ၃ ဦး သေဆုံးပြီး တော်တော်များများ ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဇန်နဝါရီလ ၂၅ ရက် ဆန္ဒပြမှုတွေ စကတည်းကဆိုရင် အီဂျစ်မှာ ဆန္ဒပြပွဲနဲ့ ဆက်စပ်တဲ့ အကြမ်းဖက်မှုတွေအတွင်း သေဆုံးခဲ့သူ ၃၀၀ ကျော်သွားပြီလို့ ကုလသမဂ္ဂက ဆိုပါတယ်။

အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေတုန်းက အီဂျစ်နိုင်ငံ အနောက်တောင်ပိုင်း နယူးဗဲလီးဒေသမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း သေနတ်နဲ့ ပစ်ခတ်မှုတွေ ရှိခဲ့တာပါ။ အဲဒီမှာ အစိုးရ အဆောက်အဦး တခုကိုလည်း ရာနဲ့ချီတဲ့ လူတွေက မီးရှို့ခဲ့ကြပါတယ်။

မြို့တော်ကိုင်ရိုက အဓိကစခန်းချပြီး ဆန္ဒပြနေကြတဲ့ တဟီရာရင်ပြင်မှာတော့ ထောင်နဲ့သောင်းနဲ့ချီတဲ့ လူတွေက သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) ကို အာဏာက ချက်ချင်းဆင်းပေးဖို့ တောင်းဆိုနေကြတုန်းပါပဲ။

အဲဒီ တဟီရာရင်ပြင်ဟာ အဓိက သပိတ်စခန်းကြီး ဖြစ်သလို ဆေးခန်းတခုလည်း ဖြစ်နေပါတယ်။ လက်ကိုင်တယ်လီဖုန်းတွေရဲ့ ဘက်ထရီတွေကို အားဖြည့်တဲ့နေရာ ဖြစ်နေသလို ရေဒီယို အသံလွှင့်ဌာနနဲ့ ပြည်သူ့ဟစ်တိုင် နေရာလည်း ဖြစ်နေတာပါ။ ဆန္ဒပြမှုတွေအတွင်း သေဆုံးခဲ့ရသူတွေရဲ့ ရုပ်ပုံတွေကိုလည်း အဲဒီရင်ပြင်မှာ ဂုဏ်ပြုပြသထားပါတယ်။

မနေ့တုန်းကတော့ အီဂျစ် ယဉ်ကျေးမှုဝန်ကြီး ဂါဘာ အက်စ်ဘို ရာထူးက နှုတ်ထွက်သွားပါပြီ။ အစိုးရအဖွဲ့သစ် ဖွဲ့ခဲ့ပြီး ၉ ရက်မြောက်နေ့မှာပဲ သူ နှုတ်ထွက်ခဲ့တာပါ။ ကျန်းမာရေး အခြေအနေကြောင့် သူနှုတ်ထွက်ခဲ့တာလို့ ဆိုပါတယ်။

ဒု-သမ္မတ အိုမာ ဆူလေမန် (Omar Suleiman) ကတော့ ကိုင်ရိုမြို့တော်က တဟီရာရင်ပြင်မှာ ဆန္ဒတွေ ရေရှည်ပြနေတာကို အစိုးရက သည်းခံနေမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ အခုဆိုရင် ဆန္ဒပြမှုတွေဟာ ၁၅ ရက်ထဲ ရောက်လာနေပါပြီ။