အီဂျစ်သမ္မတနှုတ်ထွက်မှု နိုင်ငံတကာတုံ့ပြန်ချက်

အီဂျစ်သမ္မတနှုတ်ထွက်မှု နိုင်ငံတကာတုံ့ပြန်ချက်

အပြောင်းအလဲကို အကြီးအကျယ်လိုချင်နေကြတဲ့ အီဂျစ်ပြည်သူတွေကို မစ္စတာမူဘာရက်က တုံ့ပြန်ခဲ့တာပဲလို့ အမေရိကန်သမ္မတ ဘရက်အိုဘားမားက ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း အခုအခြေအနေက အီဂျစ်နိုင်ငံ အပြောင်းအလဲရဲ့ အစပဲဆိုတာကို သတိထားရမယ်လို့လည်း ဆိုပါတယ်။ မစ္စတာမူဘာရက် သမ္မတရာထူးကို စွန့်ပြီး စစ်တပ်ကိုအာဏာလွှဲလိုက်ပြီလို့ ကြေညာခဲ့ပြီးနောက်ပိုင်းမှာ သမ္မတအိုဘားမားက အခုလိုပြောခဲ့တာပါ။

“အီဂျစ်ပြည်သူတွေရဲ့ ပြောဆိုမှုတွေကို ကြားခဲ့ရပါပြီ။ အီဂျစ်ဟာ အရင်ကနဲ့ ဘယ်တော့မှ ပြန်ပြီးတူလာနိုင်မှာ မဟုတ်တော့ပါဘူး၊” - လို့ သမ္မတအိုဘားမားက ပြောခဲ့တာပါ။ အခက်အခဲ ကြုံရမယ့်ရက်တွေ ရှေ့မှာ ရှိလိမ့်ဦးမယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်တွေက ဆန္ဒပြပွဲတွေမှာ ပြည်သူတွေရဲ့ ညီညွတ်မှုကို ကြည့်ခြင်းအားဖြင့် အဖြေမဖော်နိုင်သေးတဲ့ မေးခွန်းတွေအတွက် အီဂျစ်ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း အဖြေကိုရှာနိုင်ကြလိမ့်မယ်ဆိုတာ သူယုံကြည်တယ်လို့ သမ္မတအိုဘားမားက ဆိုပါတယ်။

အီဂျစ်ပြည်သူတွေရဲ့ တရားမျှတမှုကို သမိုင်းဝင်ဖော်ထုတ်ခဲ့တဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ လှုပ်ရှားမှုတွေက အမေရိကန်ပြည်သူတွေအတွက် အားကျတဲ့စိတ် ဖြစ်ပေါ်စေတယ်လို့လည်း ပြောပါတယ်။ စစ်တပ်က အီဂျစ်ပြည်သူတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးပြီး ယုံကြည်စိတ်ချရတဲ့ အပြောင်းအလဲကို လုပ်ဆောင်ပေးဖို့ကိုလည်း သမ္မတ အိုဘားမားက တိုက်တွန်းထားပါတယ်။ အရေးပေါ်ဥပဒေ ထုတ်ပြန်ချက်တွေကိုလည်း ပြန်ရုပ်သိမ်းပေးဖို့ တိုက်တွန်းလိုက်ပြီး အမေရိကန်ပြည်ထောင်စုဟာ အီဂျစ်ရဲ့ မိတ်ဆွေနိုင်ငံအဖြစ် ဆက်ပြီးရှိသွားမယ်၊ ဒီမိုကရေစီကိုဦးတည်တဲ့ အီဂျစ်နိုင်ငံ အပြောင်းအလဲအတွက် လိုအပ်တာမှန်သမျှကိုလည်း အမေရိကန်က ကူညီဖို့အဆင်သင့်ပါပဲလို့လည်း သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။

သောကြာနေ့မှာ အီဂျစ်သမ္မတ ဟိုစနီမူဘာရက် ရာထူးကနေ နှုတ်ထွက်ပေးခဲ့တာအတွက် ကမ္ဘာ့ခေါင်းဆောင်တွေက ကြိုဆိုလိုက်ကြသလို ကမ္ဘာတလွှားက ပြည်သူတွေလည်း အီဂျစ်နိုင်ငံသားတွေနဲ့ အတူ အောင်ပွဲမှာ ဝင်ရောက်ဆင်နွဲနေကြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက မစ္စတာ မူဘာရက်ရဲ့ ဆုံးဖြတ်ချက်အတွက် ဂုဏ်ပြုလိုက်ပြီး လူထုရဲ့အသံကို သူတကယ် ကြားခဲ့ပြီလို့ ဆိုပါတယ်။ အီဂျစ်ကဆန္ဒပြနေသူတွေအဖို့လည်း သူတို့ရဲ့ ရပိုင်ခွင့်တွေကို ငြိမ်းငြိမ်းချမ်းချမ်း သတ္တိရှိရှိ ယဉ်ယဉ်ကျေးကျေးနဲ့ တောင်းဆိုကြဖို့ အကြံပြုခဲ့ပြီး အီဂျစ်နိုင်ငံရဲ့ အပြောင်းအလဲဖြစ်စဉ်ကို စည်းကမ်းရှိရှိ အေးအေးချမ်းချမ်း လုပ်ဆောင်သွားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

အီဂျစ်နိုင်ငံကအောင်ပွဲဟာ တူနီးရှားနိုင်ငံကိုပါ ကူးသွားခဲ့ပြီး အီဂျစ်သမ္မတ ရာထူးကနေနှုတ်ထွက်ပေးခဲ့တဲ့ အောင်ပွဲအဖြစ် မော်တော်ကားဟွန်းတွေတီးကာ အော်ဟစ် ပျော်ရွှင်နေကြပါတယ်။ ပြီးခဲ့တဲ့လက အသေအပျောက်များခဲ့တဲ့ လူထုဆန္ဒပြပွဲတွေကနေ တူနီးရှားဝန်ကြီးချုပ် ပြုတ်ကျခဲ့ရတဲ့အပြင် သူတို့ရဲ့ ဆန္ဒပြမှုတွေဟာ ဒေသတွင်းကို ကူးစက်သွားခဲ့ပြီး အီဂျစ်နိုင်ငံမှာပါ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ပေါ်ပေါက်လာစေခဲ့တာမို့ပါ။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton ကလည်း မစ္စတာ မူဘာရက် နုတ်ထွက်ပေးဖို့ ဆုံးဖြတ်မှုအတွက် သူလေးစားကြောင်း ပြောပါတယ်။ ဒါ့အပြင် လူထူဆန္ဒပြည့်ဝစေမယ့် အစိုးရတရပ် ပေါ်ပေါက်လာစေဖို့ ဆွေးနွေးပြောဆိုမှုတွေ အရှိန်ဟုန်တိုး လုပ်ဆောင်သွားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း ဒီမိုကရေစီဆောင်ကျဉ်းမယ့် အစိုးရတရပ်ပေါ်ပေါက်လာအောင် ဆက်လုပ်ဖို့ အီဂျစ်ပြည်သူတွေကို တိုက်တွန်းလိုက်တဲ့အပြင် ဂျာမဏီဝန်ကြီးချုပ် အိန်ဂျလာမာခဲလ် ကလည်း မစ္စတာမူဘာရက်ရဲ့ ဆုံးဖြတ်ချက်ဟာ အီဂျစ်နိုင်ငံရဲ့ သမိုင်းဝင်ပြောင်းလဲမှုတရပ် ဖြစ်စေကြောင်း ပြောကြားခဲ့ပါတယ်။ ပြင်သစ်သမ္မတ ဆာကိုဇီ ကတော့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုလိုက်ပါတယ်။