အီဂျစ်နိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် မဲဆန္ဒကောက်ယူခဲ့တာမှာ စနေနေ့မဲလာထည့်ခဲ့တဲ့ အတိုက်အခံခေါင်းဆောင်တဦးဖြစ်တဲ့ မိုဟာမတ် အယ်လ်ဘာရာဒေး (Mohamed ElBaradei) ကို ဒေါသထွက်နေကြတဲ့လူအုပ်က မလိုလားကြောင်း အော်ဟစ်ဆန္ဒပြခဲ့ကြပါတယ်။
ကိုင်ရိုကမဲရုံမှာ မဲလာထည့်ခဲ့ကြတဲ့ မစ္စတာ ဘာရာဒေးကို မလိုလားတဲ့လူအုပ်က သူစီးလာတဲ့ မော်တော်ကားကို ခဲတွေနဲ့ပစ်ပေါက်ခဲ့ကြပါတယ်။ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ အကြီးအကဲဟောင်းဖြစ်တဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မစ္စတာ ဘာရာဒေးက သမ္မတအဖြစ်အရွေးခံမယ်လို့ ဆိုပါတယ်။
အီဂျစ်တနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင်တော့ စနေနေ့မဲပေးမှုဟာ အေးအေးချမ်းချမ်းနဲ့ မဲပေးသူအများအပြား ရှိခဲ့ပါတယ်။ မဲပေးဖို့တန်းစီနေကြတဲ့ လူတန်းကြီးတွေကို မဲရုံအတော်များများမှာ တွေ့ခဲ့ရပါတယ်။ ဒီမဲပေးမှုဟာ ဒီမိုကရေစီလမ်းကို ရှေ့ရှုသွားနေတဲ့ အီဂျစ်နိုင်ငံအတွက် စမ်းသပ်မှုတခုဖြစ်ပါတယ်။
ဖေဖော်ဝါရီလထဲမှာ သမ္မတ ဟိုစနီမူဘာရက် နုတ်ထွက်သွားခဲ့ပြီးတဲ့နောက် လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။ ဒီပြင်ဆင်ချက်အရ အတိုက်အခံအဖွဲ့တွေအားလုံး ပါဝင်နိုင်မှာဖြစ်သလို သမ္မတသက်တမ်းကိုလည်း ၄ နှစ်၊ ၂ ကြိမ်အထိပဲ သတ်မှတ်ထားပြီး ဒီနှစ်ကုန်မှာ လွှတ်တော်နဲ့ သမ္မတရွေးကောက်ပွဲတွေ ကျင်းပဖို့ပါဝင်ပါတယ်။
မစ္စတာ ဘာရာဒေးနဲ့ သမ္မတအဖြစ် အရွေးခံဖို့ပြင်ဆင်နေတဲ့ အာရပ်နိုင်ငံများအဖွဲ့ချုပ်က အကြီးအကဲ အမာမူဆာ တို့နှစ်ဦး အပါအဝင် ပြန်လည်ပြုပြင်ရေးအဖွဲ့တွေက ပြင်ဆင်ချက်တချို့ကို လက်မခံပါဘူး။ အခုလို ရွေးကောက်ပွဲကို အမြန်ကျင်းပဖို့ပြင်တာကြောင့် မူဘာရက်ရဲ့ ဒီမိုကရေစီပါတီ၊ မူစလင်ညီအစ်ကိုအဖွဲ့ရဲ့ အစ္စလာမ်ပါတီ နှစ်ခုပဲ ဝင်ပြိုင်ခွင့်ရမှာပါ။ ဒါကြောင့် အတိုက်အခံတွေက ကန့်ကွက်မဲထည့်ဖို့ တိုက်တွန်းနေပါတယ်။