ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအမှု အီဂျစ်မှာ စတင် ကြားနာ

ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအမှု အီဂျစ်မှာ စတင် ကြားနာ

အီဂျစ်နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား ၁၆ ယောက် အပါအဝင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အမှုကို ကိုင်ရိုမြို့တော်မှာ ဒီကနေ့ စတင် ကြားနာပါတယ်။

အမေရိကန်နိုင်ငံသားတွေ အပါအဝင် အဖမ်းခံထားရသူ ၄၃ ယောက်ဟာ နိုင်ငံခြားက တရားမဝင် ငွေလက်ခံမှုနဲ့ သူတို့လူမှုအဖွဲ့အစည်းတွေ လုပ်ဆောင်ရမယ့် ဘောင်ကိုကျော်ပြီး နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့မှု စတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီး ခံထားကြရတာပါ။

အဖမ်းခံထားရသူတွေထဲက အနည်းဆုံး ၁၃ ယောက်လောက် ကိုင်ရိုမြို့ တရားရုံးကို ဒီကနေ့ ထုတ်လာတာ တွေ့တဲ့အကြောင်း မျက်မြင် သက်သေတွေက ပြောပေမဲ့ အဲဒီအထဲ အမေရိကန်တွေ ပါမပါ ဆိုတာတော့ ကွဲကွဲပြားပြား မရှိသေးပါဘူး။ စွဲချက်တင်ခံထားရတဲ့ အမေရိကန်တချို့ကတော့ အီဂျစ်နိုင်ငံထဲကနေ ထွက်ခွာသွားကြပြီ ဖြစ်ပြီး တချို့ကတော့ အီဂျစ်မှာရှိတဲ့ အမေရိကန်သံရုံးမှာ ခိုလှုံနေကြတယ်လို့ ဆိုပါတယ်။

အီဂျစ်သမ္မတ ဟိုစနီမူဘာရက် (Hosni Mubarak) မနှစ်က ရာထူးက ဆင်းသွားပေးပြီးနောက် အာဏာရလာတဲ့ စစ်အုပ်ချုပ်ရေးကောင်စီ ဆက်ဆံရေး တိုးတက် ကောင်းမွန်ဖို့ အမေရိကန်ဘက်က ကြိုးစားနေတဲ့ အချိန်မှာ ဒီကိစ္စ ဖြစ်လာတာကြောင့် အီဂျစ်နဲ့ အမေရိကန်အကြား တင်းမာမှုတွေ ပိုမို ကြီးထွားလာနေပါတယ်။

ဒီကိစ္စ ပြေလည်ရေးအတွက် သမ္မတ အိုဘားမား အစိုးရက အီဂျစ်အာဏာပိုင်တွေနဲ့ အပြင်းအထန် ဆွေးနွေးနေတယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။