အီဂျစ်လွှတ်တော်ရွေးကောက်ပွဲကျင်းပ

မူဆလင်ညီအကိုမျးအဖွဲ့ခေါင်းဆောင် မိုဟာမက် ဘာဒီ (ဒု-ယာ) မဲပေးဖို့ တန်းစီစောင့်ဆိုင်းနေစဉ်။ (အောက်တိုဘာ ၁၈၊ ၂၀၁၅)

အီဂျစ်နိုင်ငံမှာ ကာလရှည စောင့်မျှော်ခဲ့ရတဲ့ လွှတ်တော်ရွေးကောက်ပွဲတွေကို ဒီကနေ့ တနင်္ဂနွေနေ့မှာ နိုင်ငံရဲ့နယ်မြေ တဝက်တို့မှာ ကျင်းပနေကြပါပြီ။

ဖြုတ်ချခံ သမ္မတ မိုဟာမက် မော်စီ နောက်ပိုင်း နိုင်ငံကို ဒီမိုကရေစီစနစ် အပြည့်အဝကျင့်သုံးနိုင်ဖို့ လက်ရှိအစိုးရက အစီအစဉ်ချ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပထမအသုတ် မဲပေးမှုတွေကို တနင်္ဂနွေနေ့နဲ့ တနလာၤနေ့တို့မှာ ခရိုင် ၁၄ ခုတို့မှာ ကျင်းပနေတာဖြစ်ပြီး ကျန်တဲ့ဒေသတွေမှာတော့ မဲပေးမှုတွေကို ဒီဇင်ဘာလ အစောပိုင်းမှာ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာ နေထိုင်ကြတဲ့ အီဂျစ်နိုင်ငံသားတွေကတော့ စနေနေ့က မဲပေးခွင့်ရခဲ့ပြီး ဖြစ်ပါတယ်။

နိုင်ငံမှာ ပထမဆုံး ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ခဲ့ကြတဲ့ သမ္မတမော်စီကို ၂၀၁၃ ခုနှစ်မှာ အာဏာ ဖြုတ်ချဖို့ လက်ရှိခေါင်းဆောင် Abdel Fattah el-Sissi ဦးဆောင်ခဲ့တာပါ။ ဒီနောက်မှာတော့ သမ္မတသစ်နဲ့ လွှတ်တော်သစ် ရွေးကောက်တင်မြှောက်နိုင်ဖို့ အခြေခံဥပဒေအသစ်နဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့ စစ်တပ်ကျောထောက်နောက်ခံ ပေးထားတဲ့ ယာယီ အစိုးရကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှာ အခြေခံဥပဒေကို ပြဌာန်းခဲ့ပြီး နောက်လေးလ အကြာမှာ လက်ရှိ သမ္မတ Sissi ရွေးကောက်ပွဲကို အနိုင်ရခဲ့ပါတယ်။

ဖြုတ်ချခံ သမ္မတ Morsi ရဲ့ မူဆလင် ညီအကိုတော်များအဖွဲ့က အများစု ချုပ်ကိုင်ထားတယ်ဆိုပြီး တရားရုံးက ၂၀၁၂ ခုနှစ်မှာ လွှတ်တော်ကို ဖျက်သိမ်း လိုက်ချိန်ကစလို့ အခုချိန်ထိ အီဂျစ်နိုင်ငံမှာ လွှတ်တော် မရှိသေးပါဘူး။ မူဆလင်ညီအကိုတော်များအဖွဲ့ဟာလည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံရပြီး တားမြစ်ခံထားရပါတယ်။ နှစ်နဲ့ချီ စောင့်ဆိုင်းခဲ့ရတဲ့ အီဂျစ်ရဲ့ လွှတ်တော် ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီတွေ ဘေးဖယ်ထားခံရပြီး လွှတ်တော် အမတ်နေရာ ၇၅ ရာခိုင်နှုန်းကိုတော့ တသီးပုဂ္ဂလတွေ ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်။

မူဆလင် ညီအကိုတော်များအဖွဲ့နဲ့ တခြား ထင်ရှားတဲ့အတိုက်အခံတွေကို လက်ရှိသမ္မတ Abdel Fattah el-Sissi က ဖြိုခွင်းထားတာကြောင့် မဲဆန္ဒရှင်တွေ အနေနဲ့ ရွေးချယ်စရာ သိပ်မရှိတော့တာကြောင့် ဒီကနေ ထွက်ပေါ်လာမယ့် လွှတ်တော်ဟာလည်း လက်ရှိ သမ္မတ Sissi ကို ထောက်ခံကြမယ်လု့ိလည်း သုံးသပ်သူတို့က ခန့်မှန်းကြပါတယ်။