၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိမှုစာရင်း အင်္ဂါနေ့အထိ ထုတ်ပြန်ချက်

(Credit: Union Election Commission Facebook)

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို ပြည်ထောင် စု ရွေးကောက် ပွဲ ကော်မရှင်က ကြေညာနေ တာမှာ နိုဝင်ဘာလ ၁၀ ရက်နေ့ စာရင်းအရ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမတ်နေရာ အများစုကို အနိုင်ရနေပါတယ်။ လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကတော့ အခုချိန်ထိ အမတ်နေရာ အနဲငယ်သာ အနိုင်ရတာကို တွေ့ရပါတယ်။

မနေ့ အင်္ဂါနေ့ ည ၉ နာရီအထိ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ စုစုပေါင်း အနိုင်ရသူစာရင်းဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၈၈) ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၃၃) ဦးနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၁၂) ဦးတို့ ဖြစ်ကြပြီး အဲဒီအထဲမှာ NLD ပါတီက ပြည်သူ့လွှတ်တော်အတွက် အမတ်နေရာ (၇၈) နေရာ၊ အမျိုးသားလွှတ်တော်အတွက် (၂၉) နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေအတွက် (၁၈၂) နေရာ အသီးသီး အနိုင်ရထားပြီး ဖြစ်ပါတယ်။

လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ ပြည်သူ့လွှတ်တော်အတွက် (၅) နေရာ၊ အမျိုးသားလွှတ်တော်အတွက် (၂) နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေအတွက် (၁၉) နေရာ အသီးသီး နိုင်ရရှိထားပါတယ်။

SNLD - ရှမ်းတိုင်းရင်းသားမှာ ဒီမိုကရေစီအဖွဲ့ချုပ် - ကျားခေါင်းပါတီကတော့ ပြည်သူ့လွှတ်တော်အတွက် (၂) နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေအတွက် (၄) နေရာ အသီးသီး အနိုင်ရပြီး တတိယနေရာမှာ ရှိနေပါတယ်။

ဒါ့အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးလည်းဖြစ်၊ သမ္မတရုံး ပြည်ထောင်စု ဝန်ကြီးလည်းဖြစ်တဲ့ ဦးစိုးသိန်းဟာ ကယားပြည်နယ်ကနေ အမျိုးသားလွှတ်တော်အတွက် တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ်နဲ့ ဝင်ရောက် ယှဉ်ပြိုင်တာမှာ အနိုင်ရရှိသွားခဲ့ပြီး ဖြစ်ပါတယ်။