Boeing Max 8 လေယာဉ်ပျံသန်းခွင့် ပိတ်ပင်ဖို့ Trump အစိုးရ ငြင်းဆို

Boing 737

Your browser doesn’t support HTML5

Boeing 737 Max 8

၆လတာ ကာလအတွင်း လေယာဉ် ၂ ခါ ပျက်ကျလို့ လူပေါင်း ၃၅၀ နီးပါးသေဆုံးခဲ့ရတဲ့ အမေရိကန်ထုတ် ဘိုးရင်း 737 Max 8 လေယာဉ် အမျိုးအစားသစ်ကို ပျံသန်းခွင့်ဆိုင်းငံ့ဖို့ ပြည်တွင်းကရော နိုင်ငံတကာကပါ တောင်းဆိုမှုတွေ တိုးလာနေချိန်မှာပဲ အမေရိကန်သမ္မတ Donald Trump အစိုးရအဖွဲ့က ခုခံပြောဆိုနေပါတယ်။

သမ္မတ Trump ဟာ ဒီလေယာဉ်အမျိုးအစားနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောပေမယ့် ဘယ်သူနဲ့ တွေ့ဆုံပြောကြားတယ်ဆိုတာ အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။ အင်္ဂါနေ့ အစောပိုင်းကတော့ ဘိုးရင်း 737 Max 8 လေယာဉ်ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်က သူ့လေယာဉ်အမျိုးအစားဟာ လုံခြုံစိတ်ချရမှု ရှိတယ်လို့ သမ္မတကို ပြောကြားခဲ့ကြောင်း ဘိုးရင်းကုမ္ပဏီ အရာရှိတွေက ပြောပါတယ်။

သမ္မတနဲ့ ဘိုးရင်းကုမ္ပဏီက Dennis Muilenburg တို့ တယ်လီဖုံးနဲ့ ဆက်သွယ် ပြောကြားခဲ့တယ် ဆိုတာကို သမ္မတအိမ်ဖြူအရာရှိတွေက အတည်ပြုခဲ့ပေမယ့် ဘာတွေ ဆွေးနွေးတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။ သမ္မတက ခုခေတ်လေယာဉ်တွေဟာ ပျံသန်းဖို့ရာ သိပ်ကို ရှုပ်ထွေးလာနေတယ်လို့ တွစ်တာက တဆင့် ရေးသားခဲ့ ပြီးတဲ့နောက်ပိုင်း အခုလို တယ်လီဖုံးနဲ့ ဆက်သွယ်ပြောကြားတာ ဖြစ်ပါတယ် ဒါပေမယ့် ဘယ်သူက စတင်ခေါ်တယ် ဆိုတာတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။

ဘိုးရင်း 737 Max 8 လေယာဉ် ပျံသန်းခွင့် ဆိုင်းငံ့ဖို့ကိုတော့ သမ္မတက တောင်းဆိုခြင်း မပြုခဲ့ပါဘူး။ လေယာဉ် ၂ ကြိမ် ပျက်ကျခဲ့စဉ်က ပျက်ကျရတဲ့ အကြောင်းရင်း ဖြစ်နိုင်ချေရှိတဲ့ လေယာဉ်မှာ တပ်ဆင်ထားတဲ့ အလိုအလျှောက် ထိန်းချုပ်တဲ့စံနစ်ရဲ့ software ကို ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ပျက်ကျရခြင်း အကြောင်းရင်းတွေကို စုံစမ်းစစ်ဆေးဖို့ အရင်လုပ်ရမယ်လို့ သမ္မတက ပြောပါတယ်။ ဘိုးရင်းကုမ္ပဏီရဲ့ အင်္ဂါနေ့ ကြေညာချက်မှာတော့ Max 8 လေယာဉ် ပျံသန်းခွင့် ဆိုင်းငံ့ဖို့ အစီအစဉ် မရှိကြောင်း ဖေါ်ပြထားပါတယ်။