ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေရဲ့ နှစ်ရက်ကြာ ထိပ်သီး အစည်းအဝေးကနေ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအတွက် အခြေခံမူတွေနဲ့ ပင်လုံလက်စွဲစာတမ်းကို အတည်ပြုနိုင်ခဲ့တယ်လို့ အဖွဲ့ ပြောခွင့်ရ CNF ချင်းအမျိုးသား တပ်ဦးခေါင်းဆောင် တဦးဖြစ်တဲ့ ဆလိုင်း ထလာဟေးက ဆွေးနွေးပွဲ အပြီးမှာ VOA ကိုပြောပါတယ်။ NCA အပစ်ရပ်ထားတဲ့ အဖွဲ့(၇)ဖွဲ့နဲ့ NCA ကို လက်မှတ်မထိုးရသေးတဲ့ UNFC ထဲက (၇)ဖွဲ့တို့ရဲ့ ခေါင်းဆောင် (၆၂) ဦး တက်ရောက်ခဲ့ကြတဲ့ ၂၁ ရာစု ပင်လုံညီလာခံ မတိုင်ခင် ကျင်းပတဲ့ ဒီဆွးနွေးပွဲနဲ့ ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က မေးမြန်းရာမှာတော့ သဘော တူညီမှု ရခဲ့ကြတဲ့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို ပထမဆုံး စပြီး ဖြေကြားပါတယ်။
“ဆလိုင်း ထလာဟေး။ ။ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာတွင်အခြေခံရမည့် လမ်းစဉ်အခြေခံမှုများ Basic Principle ကိစ္စတို့၊ ပင်လုံလက်စွဲစာတန်းကိစ္စတို့ NCAလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ UNFC က ဖွဲ့စည်းပေးတဲ့ DPN (Delegation for Political Negotiation) အလုပ်အဖွဲ့အပေါ့။ ဒီအဖွဲ့တွေက ပြင်ဆင်လာတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာမူဝါဒကိစ္စရပ် ပြီးတော့ အစိုးရ နဲ့ ဖွဲ့စည်းထားတဲ့ JCB (Joint Coordination Body) လို့ခေါ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ နောက်ပြီးတော့ ကြားကာလအစီအစဉ်တွေကို အဓိကအားဖြင့် ထိပ်သီးခေါင်းဆောင်အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။
ကိုဉာဏ်ဝင်းအောင်။ ။ဒီဆွေးနွေးပွဲမှာ NCA ကိုလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော ၊ NCA ကိုလက်မှတ်မထိုးထားတဲ့အဖွဲ့တွေရောပါတော့ လက်မှတ်မထိုးထားရသေးတဲ့ အဖွဲ့တွေအနေနဲ့ NCA ကိုလက်မှတ်ထိုးထားရေးကိစ္စက ဘယ်လောက်အထိ နီးစပ်ပြီလဲခင်ဗျ။
ဆလိုင်း ထလာဟေး။ ။ အဓိကအားဖြင့် UNFC က ဖွဲ့စည်းပေးတဲ့ DPN နဲ့ အစိုးရက ဖွဲ့စည်းပေးတဲ့ Peace Commission PC ကနေပြီးတော့မှ UNFC ကအဆိုပြုတဲ့ အချက် ၈ ချက်အပေါ်မှာ ဆွေးနွေးနေကြတယ် အခုလည်း ဆက်လက်ဆွေးနွေး ဖို့ပြင်ဆင်နေကြတယ်။ ဒါကြောင့် အဲဒီ အချက် ၈ ချက်အပေါ်မှာ ဆွေးနွေးပြီးတော့ မူအားဖြင့်တော့ သဘောတူပြီလို့တော့ ပြောခဲ့ကြပြီ။ ဒါပေမယ့် မူအားဖြင့်တော့ သဘောတူပြီးတဲ့အချက်တွေကို တကယ့် သဘောတူညီချက်ရောက်ရှိသွားနိုင်အောင် သူတို့က ဆွေးနွေးဖို့အစီအစဉ်ရှိတယ် ကျနေ်ာတို့ NCA ကိုလက်မှတ်ထိုးထားတဲ့အဖွဲ့တွေအနေနဲ့လည်း ဒီဆွေးနွေးပွဲတွေကို အမြန်ဆုံးဆွေးနွေးနိုင်ဖို့ရန် ၊ အောင်မြင်မှုရရှိနိုင်ဖို့ရန် ဖြစ်နိုင်မယ်ဆိုရင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ မတိုင်ခင်မှာ အားလုံးအဆင်ပြေနိုင်ဖို့ ကျနော်တို့ဘက်ကတော့ တိုက်တွန်းပါတယ်။
ကိုဉာဏ်ဝင်းအောင်။ ။မြန်မာနိုင်ငံမှာ NLD အစိုးရကတဖက် တပ်မတော်က တဖက်ဖြစ်နေတဲ့ အနေအထားမှာ NCA ကိုလက်မှတ်ထိုးရေးအတွက်ကို အခက်အခဲတွေကြုံနေရတယ်ဆိုပြီးတော့ NCA ကိုလက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေက ခေါင်းဆောင်တချို့က ပြောသံတွေထွက်နေပါတယ်။ ဆိုတော့ ဒီအပေါ်မှာရော ဆလိုင်း ထလာဟေးအနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။
ဆလိုင်း ထလာဟေး။ ။ဟုတ်ကဲ့ အဓိကအားဖြင့်တော့ DPN နဲ့ အစိုးရ ဆွေးနွေးတဲ့အချက်ပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ယူဆပါတယ်။
ကိုဉာဏ်ဝင်းအောင်။ ။ပြီးပြည့်စုံတဲ့ အပစ်ခတ်ငြိမ်းချမ်းရေးဖြစ်လာဖို့က ဘယ်လိုအဟန့်အတားတွေဆက်ပြီးတော့ ခံနေသေးသလဲခင်ဗျ။
ဆလိုင်း ထလာဟေး။ ။ဟုတ်ကဲ့ ခုနပြောသလိုပဲ တချို့ခေါင်းဆောင်တော်တော်များများက အစိုးရကိုပြောကြတာပေါ့လေ။ ဒါပေမယ့် အခုအဓိကအားဖြင့် DPNနဲ့ဆွေးနွေးတာကတော့ အချက် ၈ ချက်ပေါ်မှာပဲ ဆွေးနွေးနေကြတယ်။ ဆိုတော့ အစိုးရရယ် Peace Commission ထဲမှာလည်း အစိုးရကို ကိုယ်စားပြုနိုင်တဲ့ခေါင်းဆောင်တွေပါတယ်၊ အစိုးရကိုယ်စားလှယ်တွေပါတယ်။ ဆိုတော့ DPN ရဲ့အချက်တွေမှာ ပြန်လည်ညှိနှိုင်းလို့ရမယ်လို့ ယူဆပါတယ်။ ဆိုတော့ ၂ ဖက်စလုံးက NCA ကိုလက်မှတ်ရေးထိုးချင်တဲ့ဆန္ဒရှိတယ်ဆိုရင်တော့ အဲဒီအချက် ၈ ချက်ကို အဆင်ပြေတဲ့အထိဆွေးနွေးလို့ရမယ်လို့ ကျနော်ယူဆတယ်။ NCAဆိုတဲ့ စကားလုံးကလည်း တနိုင်ငံလုံးကို လွှမ်းခြုံနေတဲ့စကားလုံးလည်းဖြစ်နေတဲ့အတွက်ကြောင့် တနိုင်ငံလုံး လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေအားလုံး NCAလက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဆက်လက်ကြိုးစားနေဆဲလည်း ဖြစ်ပါတယ်။ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ် ဒါပေမယ့် ဘယ်အချိန်ဆိုတာ ခန့်မှန်းပြီးတော့ အတိအကျပြောဖို့ကတော့ ခက်ပါတယ် ကျနော်တို့ တတ်နိုင်တဲ့နည်းနဲ့အကောင်းဆုံး ကြိုးစားဖို့ပဲ လိုပါတယ်လို့။”
မကြာခင်မှာ ကျင်းပတော့မယ့် ၂၁ ရာစု ပင်လုံ ဒုတိယအစည်းဝေးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းအားလုံး တန်းတူ ဂုဏ်သိက္ခာ ရှိရှိ တက်ရောက်နိုင်အောင် အားလုံး ကြိုးပမ်းသွားမယ်လို့လည်း ဆလိုင်း ထလာဟေးက ပြောပါတယ်။
Your browser doesn’t support HTML5