ငြိမ်းချမ်းရေးအတွက် တိုင်းရင်းလက်နက်ကိုင်ခေါင်းဆောင်တွေ အမြင်ချင်းဖလှယ်

အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးသော တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ (ဓာတ်ပုံ ဦးလှမောင်ရွှေ)

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့အနေအထား တဖွဲ့နဲ့တဖွဲ့ မတူညီပေမယ့်လည်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်မှာ အားလုံး ပါဝင်လာနိုင်ဖို့အတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေး ကြပြီး အချင်းချင်းနားလည်မှု ပိုမို ရခဲ့ကြတဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမှာ ကျင်းပတဲ့ တိုင်းရင်းသားညီလာခံကို တက်ရောက်ခဲ့သူ ခေါင်းဆောင်တဦးက VOA ကို ပြောပါတယ်။ KIO ဌာနချုပ် လိုင်ဇာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့က ခေါင်းဆောင်တွေ တွေ့ဆုံပြီး လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်မှု အခြေအနေကို အမြင်ခြင်း ဖလှယ်ခဲ့ကြ တာဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီအစည်းအဝေးကို ဒီလ ၁၇ ရက်ကနေ ၁၉ ရက် အထိ လိုင်ဇာမှာ ၃ ရက်ကြာ ကျင်းပခဲ့တာဖြစ်ပြီး NCA လက်မှတ်ထိုးထားတဲ့ KNU ကရင်အမျိုးသား အစည်းအရုံး၊ CNF ချင်းအမျိုးသားတပ်ဦး၊ NMSP မွန်ပြည်သစ် ပါတီ၊ လက်မှတ် မထိုးသေးတဲ့ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ KIO ကချင် လွတ်လပ်ရေးအဖွဲ့က ခေါင်းဆောင်တွေ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အဓိက ဆွေးနွေးဖြစ်တဲ့အချက်တွေကိုတော့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။

“အဓိက ခေါင်းစဉ်အနေနဲ့ ဆွေးနွေးတာကတော့ အခုလက်ရှိ တဖွဲ့ချင်းစီရဲ့ ငြိမ်းချမ်းရေးတွေပေါ့ အဲဒီ အခြေ အနေတွေကို တင်ပြဆွေးနွေးကြတာ။ ဒုတိယအချက်ကတော့ ဆက်လက်ပြီးမှ ဒီငြိမ်းချမ်းရေး လမ်းစဉ်တွေကို ပူးပေါင်းပြီးမှ ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတဲ့ ခေါင်းစဉ်တွေကို ဆွေးနွေးတယ် ဆိုတဲ့ အကြောင်းတွေ ကျနော် ကြား သိရပါတယ်။ ဒါပေမဲ့ အဲဒီအစည်းအဝေးကတော့ ဆုံးဖြတ်ချက် ချတဲ့ အစည်းအဝေးတော့ မဟုတ်ဘူးပေါ့။ အလွတ်သဘောနဲ့ ဆွေးနွေးတယ်လို့ ကြားပါတယ်။”

လိုင်ဇာကို သွားရောက်ဆွေးနွေးခဲ့တဲ့ KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကတော့ ဒီဆွေးနွေးပွဲကနေ အပြန်အလှန်နားလည်မှု ပိုမိုရှိခဲ့ကြောင်း ပြောပါတယ်။

“အခု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း သူတို့ သိသင့်သိထိုက်တဲ့ဟာတွေ၊ ကျနော်တို့ ရင်ဆိုင် နေရ တဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ဘယ်လို ပူးပေါင်းဆောင်ရွက်ပြီးတော့ ကျော်လွှား သွားနိုင်မလဲ ဆိုတဲ့ ကိစ္စ၊ နောက်တခုက ကျနော်တို့ နိုင်ငံငြိမ်းချမ်းရေးအတွက်က အားလုံးပါလာနိုင်ဖို့ ကလည်း အရေးကြီးတယ်လေ။ အနေအထား မတူပေမဲ့လည်း ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လာနိုင်ဖို့ အတွက်တော့ ကျနော်တို့ အဲလိုပဲ တင်ပြခဲ့တယ်။ ပိုမို နားလည်မှုတော့ ရှိလာပါတယ်။ ဆိုတဲ့သဘောက ကျနော် တို့က အတူတကွ ဒီနိုင်ငံရဲ့ ငြိမ်းချမ်းရေး အတွက် ဘယ်လိုအခန်းကဏ္ဍကနေ ဘယ်လို ပူးပေါင်းပြီးတော့ ကျနော်တို့လည်း တင်ပြဆွေးနွေး တယ်။ သူတို့လည်း စဉ်းစားမှာပေါ့နော်။ သူတို့ အဖွဲ့အစည်းထဲမှာလည်း ပြန်ဆွေးနွေးရအုံးမှာပါ။”

KIO ခေါင်းဆောင်တွေဘက်ကလည်း မကြာသေးခင် တရုတ်ပြည်မှာ တပ်မတော်ဘက်က ကိုယ်စား လှယ်တွေနဲ့ ဆွေးနွေးခဲ့တဲ့အခြေအနေတွေကို ပြန်လည် ရှင်းလင်းခဲ့ကြတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံတတိယအစည်းအဝေးမှာတော့ နိုင်ငံရေး ကဏ္ဍမှာ ဖက်ဒရယ်အရေးကိစ္စနဲ့ လုံခြုံရေးကဏ္ဍမှာ တပ်တွေပြန်လည်ပေါင်းစည်းရေး ကိစ္စတွေကို မဆွေးနွေးနိုင်ခဲ့ပါဘူး။ လာမယ့် ရက်ပိုင်းတွေမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော် စတဲ့ အင်အားစုတွေကြားမှာ အဟန့်အတားဖြစ်နေတဲ့ အခက်အခဲတွေကို အလွတ်သဘော ထပ်မံ ညှိနှိုင်း ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်ခင်ဗျား။

Your browser doesn’t support HTML5

ငြိမ်းချမ်းရေးအတွက် တိုင်းရင်းလက်နက်ကိုင်ခေါင်းဆောင်တွေ အမြင်ချင်းဖလှယ်