ဥရောပမှာ အအေးလှိုင်းဒဏ် ရှိနေဆဲ

ဥရောပမှာ အအေးလှိုင်းဒဏ် ရှိနေဆဲ

ဥရောပ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ အအေးလှိုင်းဖြစ်ပွားပြီး ထူးထူးကဲကဲ ရာသီဥတု ဆိုးရွားနေမှုဟာ ချက်ချင်း လက်ငင်းတော့ ပြန်ကောင်းသွားဦးမှာ မဟုတ်ဘူးလို့ မိုးလေဝသ ခန့်မှန်းသူတွေက ပြောဆိုပါတယ်။

အခု သီတင်းပတ်အတွင်း တချို့နေရာတွေမှာ အပူချိန် ရေခဲမှတ်အောက် ၂၅ ဒီဂရီ စင်တီဂရိတ် အထိ ကျဆင်းသွားတဲ့အတွက် လူပေါင်း ၁၂၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

ဆားဘီးယားမှာဆိုရင် ကြက်တွေဟာ အေးခဲပြီး သေဆုံးခဲ့ရသလို ကြက်ဥတွေဟာ ဆိုရင်လည်း အခဲတုံးတွေ ဖြစ်ကုန်တယ်လို့ မွေးမြူရေးသမားတွေက ပြောဆိုပါတယ်။

ရေခဲတွေက လူဦးရေ တစ်သောင်းကျော်ရှိတဲ့ တောင်ပေါ်နေ ဆားဘီးယမ်း ကျေးရွာသားတွေကို အဆက်ဖြတ်ထား လိုက်သလို ဖြစ်နေပါပြီ။

အလွန်အေးတဲ့ ရာသီဥတုကြောင့် ဥရောပတိုက်မှာ ခရီးသွားနေကြသူတွေဟာ ရှေ့မတိုးနောက်မဆုတ် အဖြစ်နဲ့ ကြုံနေကြရပါတယ်။ လမ်းတွေဟာ နှင်းတွေနဲ့ ပိတ်ဆို့နေပါတယ်။ လေယာဉ်တွေ မပျံတက်နိုင်ကြတော့သလို ရထားတွေလည်း ထွက်မရ ဖြစ်နေတယ်လို့ သိရပါတယ်။