[[Zawgyi/Unicode]]
မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ တင်ပို့နေတဲ့အတွက် ဆားဘီးယား၊ ရုရှားနဲ့ တရုတ်နိုင်ငံတွေကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ် ဥရောပပါလီမန်က မနေ့က ချမှတ်လိုက်ပါတယ်။
မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေကို ဖိနှိပ်ပြီး ကျုးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စစ်လက်နက် တင်ပို့နေတဲ့ နိုင်ငံတွေမှာလည်း အပြစ်ရှိတဲ့အကြောင်း ဥရောပပါလီမန်ရဲ့ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။ ဆားဘီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံကို လက်နက်တွေ ထောက်ပံ့နေတယ်ဆိုတဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Thomas Andrews ရဲ့ အစီရင်ခံစာကို ငြင်းဆိုခဲ့ပါတယ်။
တချိန်တည်းမှာပဲ ယူကရိန်း အကျပ်အတည်းကို နိုင်ငံတကာက အာရုံစိုက်နေတာဟာ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ပြင်းထန်တဲ့ ဘေးဒုက္ခတွေကို မေ့ပစ်လိုက်တာမဟုတ်တဲ့အကြောင်း အီးယူ ဥရောပသမဂ္ဂရဲ့ စံတန်ဖိုးနဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာဌာန ဒုတိယ အကြီးအကဲ ဗီရဲရား အီယိုးရိုဗာ Věra Jourová က မနေ့က ဥရောပ ပါလီမန်မှာ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံအတွင်း ပြီးခဲ့တဲ့ သီတင်းပတ်တွေနဲ့ လပိုင်းတွေမှာ စစ်တပ်က အင်အား အလွန်အကျွံသုံး ဆိုးဝါးတဲ့ လူ့အခွင့်အရေးတွေ တိုးပြီး ချိုးဖောက် ကျုးလွန်နေတာတွေကို မေ့မထားဖို့ ဥရောပကော်မရှင် အကြီးအကဲ Joseph Borrell ရဲ့ ကိုယ်စား ပြောကြားတဲ့ မိန့်ခွန်းမှာ သူက တိုက်တွန်းသွားပါတယ်။
တချိန်တည်းမှာပဲ အာဆီယံဆိုင်ရာ ဥရောပ သံအမတ်ကြီး Igor Driesmans ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်ထားလိုက်တဲ့အကြောင်း ဗီရဲရား အီယိုးရိုဗာ Věra Jourová က ထည့်သွင်း ပြောဆိုသွားပါတယ်။ ကုလသမဂ္ဂနဲ့ အာဆီယံ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တွေရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုတွေကို ပံ့ပိုးဖို့ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။
Your browser doesn’t support HTML5
မြန်မာကိုစစ်လက်နက်တင်ပို့နေတဲ့ ဆားဘီးယား၊ ရုရှားနဲ့တရုတ်နိုင်ငံကို ဥရောပပါလီမန်ရှုတ်ချ
==================
[[Unicode]]
==================