မြန်မာကို EU လက်နက်ပိတ်ပင်မှု တနှစ်ထပ်တိုး

မြန်မာကို EU လက်နက်ပိတ်ပင်မှု တနှစ်ထပ်တိုးကြောင်း ထုတ်ပြန်ချက်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်မှု စွပ်စွဲချက်တွေနဲ့ မြန်မာနိုင်ငံကို စစ်လက်နက်နဲ့ အသုံးအဆောင် တင်ပို့မှုတွေအပေါ် တားမြစ်ချက်ကို ဥရောပသမဂ္ဂ (EU) က နောက်ထပ်တနှစ် သက်တမ်းတိုးလိုက်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်တဲ့ လုံခြုံရေးတပ်ဖွဲ့က တာဝန်ရှိသူတွေအပေါ် ဒဏ်ခတ်အရေးယူနိုင်ဖို့လည်း ပြင်ဆင်နေပါတယ်။ စစ်လက်နက်တွေ၊ ပြည်တွင်းက ဖိနှိပ်မှုတွေမှာ အသုံးပြုနိုင်တဲ့ ပစ္စည်းတွေ၊ စစ်တပ်ကို သင်တန်းပို့ချမှုတွေ၊ ဆက်သွယ်ရေး လုပ်ငန်းတွေကို စောင့်ကြည့်နိုင်တဲ့ ကရိယာတွေကို တင်ပို့မှု တားမြစ်ဖို့ EU က ဒီနေ့ပဲ ဆုံးဖြတ်ခဲ့တာပါ။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်မံကျုးလွန်တယ်ဆိုရင် မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ်က အရာရှိတွေကို သီးခြား ဒဏ်ခတ်ပိတ်ဆို့ အရေးယူနိုင်မယ့် အခြေခံမူဘောင်တခုကို သဘောတူညီခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။ အရေးယူခံရမယ့် လူပုဂ္ဂိုလ်တွေ အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ခံရမှာဖြစ်သလို၊ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ခံရမှာ ဖြစ်ကြောင်းလည်း ပြောဆိုထားတာပါ။

EU လိုပဲ မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့မှု တားမြစ်ချက်တွေကိုတော့ အမေရိကန်နဲ့ ကနေဒါ နိုင်ငံတွေကလည်း မကြာသေးခင်တုန်းက ချမှတ်ထားကြပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တကျော့ပြန် ပဋိပက္ခတွေအတွင်း မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဒုက္ခသည်သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ရကြောင်း EU အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက စွပ်စွဲထားကြတာပါ။

မြန်မာစစ်တပ်နဲ့ အစိုးရတာဝန်ရှိသူတွေ ကတော့ နိုင်ငံတကာက စွပ်စွဲနေသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိကြောင်း ငြင်းဆန်ထားသလို၊ မြန်မာစစ်တပ် အရာရှိတချို့ အပါအဝင် ကျုးလွန်သူတွေကို အပြစ်ပေး အရေးယူတာတွေရှိကြောင်း တုံ့ပြန်ထားကြပါတယ်။

သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုတွေ အပါအဝင် မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ကျုးလွန်နေပြီး၊ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ စိုးရိမ်စရာ အခြေအနေတွေ ရှိနေဆဲ ဖြစ်ကြောင်းလည်း EU ရဲ့ ဒီနေ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

မြန်မာကို EU လက်နက်ပိတ်ပင်မှု တနှစ်ထပ်တိုး