မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ နှစ်ပေါင်းများစွာ ရင်ဆိုင်နေရတဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေး လုပ်ဆောင်ဖို့ မြန်မာအစိုးရက သန္နိဋ္ဌာန် ချထားတယ်လို့ EU ကော်မရှင်နာမင်းကြီးက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံကို သောကြာနဲ့ စနေနေ့တွေက ၂ ရက်ကြာ သွားရောက်ခဲ့တဲ့ ခရီးစဉ်ကအပြန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ လူသားချင်း စာနာမှု အကူအညီပေးရေးဆိုင်ရာ EU ကော်မရှင်နာမင်းကြီး ခရစ်စ်တယ်လီနာ ဂျော်ဂျီဗာ (Kristalina Georgieva) က အခုလို ပြောကြားလိုက်တာပါ။
ကော်မရှင်နာမင်းကြီးဟာ နယ်စပ်ရေးရာ ဝန်ကြီးဌာနနဲ့ စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး အပါအဝင် တခြား အစိုးရ ဝန်ကြီးတွေနဲ့ နေပြည်တော်မှာ သောကြာနေ့က တွေ့ဆုံခဲ့ပြီး ဒီနေ့ ရန်ကုန်ကနေ ပြန်မထွက်ခွာခင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာအစိုးရ အနေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ မကြာခင်မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရှိတယ်လို့လည်း ဒီသတင်းစာ ရှင်းလင်းပွဲမှာ ပါဝင်တဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး ဒေးဗစ် လစ်ပ်မန်း (David Lipman) ကလည်း ပြောကြားခဲ့ပါတယ်။
မြန်မာအစိုးရသစ် အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လိုလားကြောင်း ပြောဆိုနေပေမဲ့ တဘက်မှာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေလည်း ပြုလုပ်နေဆဲပဲ ဖြစ်ပါတယ်။