မြန်မာ EU ပူးပေါင်းဆောင်ရွက်ရေး သဘောတူ

  • ဇော်ဝင်းလှိုင်

အီးယူ - မြန်မာလုပ်ငန်းအဖွဲ့ရဲ့ တတိယနဲ့ နောက်ဆုံးနေ့ ဆွေးနွေးပွဲတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ်။ (နိုဝင်ဘာလ ၁၅၊ ၂၀၁၃) သတင်းမှတ်တမ်း- နိုင်ငံတော် သမ္မတရုံး

မြန်မာနိုင်ငံနဲ့ ဥရောပသမဂ္ဂ (EU) တို့ကြား ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်းဆောင်ရွက်တဲ့ အစီအစဉ်အတွင်း မြန်မာနိုင်ငံရဲ့အသွင်ကူးပြောင်းရေးက စိန်ခေါ်မှုတွေကို ဥရောပ တာဝန်ရှိသူတွေ အလေးထား ပြောဆိုသွားပါတယ်။ သမ္မတကတော့ အပြောင်းအလဲတွေအတွက် အရှိန်မြှင့် လုပ်ဆောင်နေတဲ့ အကြောင်း ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ EU-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ နေပြည်တော်မှာ ကိုယ်တိုင် သတင်းသွားယူထားတဲ့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အီးယူ - မြန်မာလုပ်ငန်းအဖွဲ့ရဲ့ တတိယနဲ့ နောက်ဆုံးနေ့ ဆွေးနွေးပွဲ ကို နေပြည်တော် MICC မြန်မာအင်တာနေရှင်းနယ် ကွန်ဗန်းရှင်းစင်တာမှာ ဒီကနေ့ ကျင်းပပြီးစီးသွားတာပါ။

မြန်မာနိုင်ငံမှာ လက်ရှိလုပ်ဆောင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေထဲက လိုအပ်ချက်တွေ၊ လုပ်ဆောင်သင့်တဲ့ အချက်တွေနဲ့ ပတ်သက်လို့ ဥရောပကော်မရှင်ဒုတိယဥက္ကဌ Catherine Ashton က အခုလို ပြောပါတယ်။

"နိုင်ငံရေးနဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုတယ်ဆိုတာ ကိုလည်း ကျမတို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒါလည်း မြန်မာနိုင်ငံက စတင်ခဲ့တဲ့ မပြီးဆုံးသေးတဲ့ ခရီးလမ်းလည်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲရဲ့ အဓိက ရည်ရွယ်ချက်ဟာ နိုင်ငံရေးနဲ့ စီးပွားရေးတွေ့ကြတဲ့ တွေ့ဆုံ ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။ စီးပွားရေးအရ ရေရှည် ဖွံ့ဖြိုးတိုးတက် နေနိုင်ဖို့အတွက် တိကျ ခိုင်မာတဲ့ နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲမှု၊ တရားဥပဒေ စိုးမိုးရေးနဲ့ ခိုင်မာတဲ့ ဒီမိုကရေစီ စနစ်ကို အသွင်ကူးပြောင်းရေးအတွက် အင်မတန် အရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။"

မြန်မာသမ္မတ ဦးသိန်းစိန်ကတော့ အီးယူရဲ့ အကူအညီတွေနဲ့ အပြောင်းအလဲတွေကို အရှိန်မြင့် လုပ်ဆောင်နေတဲ့အကြောင်း ဆွေးနွေးပွဲမစခင် အဖွင့်အမှာစကားထဲမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

" ကြိုးနီစနစ်ကိုလည်း တိုက်ဖျက်နေပြီဖြစ်သလို၊ အစိုးရ အုပ်ချုပ်မှုပိုင်း ဆိုင်ရာ ခေတ်မှီပြုပြင်ပြောင်းလဲရေးတွေ၊ တရားစီရင်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ လူမှုစနစ်ပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လည်း ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲရေးတွေ ကို ဆောင်ရွက်နိုင်တာဟာ နိုင်ငံတကာ မိတ်ဆွေများရဲ့ အကူအညီ၊ ဥရောပနိုင်ငံများရဲ့ အကူအညီသာ မပါဘူးဆိုရင် ဖြစ်မြောက်အောင်မြင်ဖို့ အလွန်ခဲယဉ်းပါလိမ့်မယ်။ မိတ်ဆွေတို့ ကူညီခဲ့တာတွေကို ကြည့်မယ်ဆိုရင် ဥရောပသမဂ္ဂနိုင်ငံများအနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ပြန်လည် ထူထောင်ရေး၊ လုပ်ငန်းဗဟိုဌာန မြန်မာPeace စင်တာအတွက် ထောက်ပံ့ ကူညီမှုပေးခဲ့သလို၊ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အထူးထောက်ပံ့ပေးခဲ့ တာတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

ဥရောပသမဂ္ဂရဲ့ ဖွံ့ဖြိုးရေးအကူအညီတွေကိုလည်း တိုးမြှင့်ပေးခဲ့သလို၊ ယခုအချိန်မှာဆို ဥရောပသမဂ္ဂရဲ့ ကိုယ်စားလှယ်အဖွဲ့လည်း မြန်မာနိုင်ငံမှာ ရုံးစိုက်တည်ရှိနေပြီဖြစ်ပါတယ်။ ဒီလိုကူညီမှုတွေ၊ တိုးတက်မှုတွေဟာ ကျနော်တို့အစိုးရနဲ့ တခြားသက်ဆိုင်ရာ အကျိုးအယှက်များကြား ပိုမိုတောင့်တင်းခိုင်မာတဲ့ အကျိုးဖြစ်ထွန်းစေတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ် လာအောင် ထောက်ပံ့ပေးနိုင် ခဲ့တာဖြစ်တဲ့အတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။"

မြန်မာနိုင်ငံမှာ တပြည်လုံးအပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို အခုနှစ် မကုန်ခင်မှာ ရရှိအောင် လုပ်ဆောင်မယ်လို့ အရင်က ပြောဆိုခဲ့ဖူးတဲ့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ပြောကြားတဲ့ သူ့ရဲ့အဖွင့်မိန့်ခွန်းမှာ တပြည်လုံးငြိမ်းချမ်းရေးဟာ ၂၀၁၅ မှာမှ ရနိုင်မယ်ဆိုတာကို သူ့မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

"ပထမဆုံးအနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၂၀၁၅မှာ ရနိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ ဒီလိုသဘောတူညီချက်ရရှိဖို့ လိုအပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မူဘောင်များ ရရှိနိုင်အောင် လက်ရှိမှာကြိုးစားဆောင်ရွက် လျက်ရှိနေပါတယ်။ လွတ်လပ်ရေး ရကတည်းက အခုအချိန်အထိ မရရှိဘူးသေးတဲ့ တပြည်လုံးငြိမ်းချမ်းရေး အရသာကို မြန်မာပြည်သူပြည်သား အားလုံး ရရှိခံစားနိုင်ဖို့ဆိုတာ ကျနော်တို့အတွက် အဓိက ဦးစားပေးကိစ္စတခုပဲ ဖြစ်ပါတယ်။"

တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ၂၀၁၄ ခုနှစ်အတွင်း အကောင်အထည်ဖော်မှ ရနိုင်မယ်လို့ အခုလဆန်းပိုင်းတုန်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီတို့ရဲ့ တွေ့ဆုံပွဲအပြီး ဗွီအိုအေနဲ့ သီးသန့်ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောဆိုထားဖူးပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ အီးယူ မြန်မာလုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ မကျင်းပခင် ၂ ဖက် ပူးတွဲ ကြေငြာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအထဲမှာ ၃ ရက်တာ ဆွေးနွေးဖြစ်ခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေးကိစ္စရပ်တွေကို ဖော်ပြထားပြီး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေကို ၂ ဖက်စလုံးက ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အဲဒီ ပဋိပက္ခတွေရဲ့ ဇစ်မြစ်ကို ဖော်ထုတ်ပြီး အမျိုးသားသင့်မြတ်ရေးကို မြင့်တင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမစခင်မှာ အီးယူနဲ့ မြန်မာအကြား အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း စတဲ့ ကဏ္ဍ ၃ ခုတို့မှာ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်သွားဖို့ ရည်ရွယ်ပြီး စာလွှာတွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ဗဟိုဘဏ်နဲ့ အီးယူ ပြည်ပရင်းနှီးမြုပ်နှံမှုဘဏ်တို့ အကြားမှာလည်း ပူးပေါင်းဆောင်ရွက်ရေး၊ အီးယူက ရရှိတဲ့ငွေကြေးတွေကို သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့အညီ သုံးစွဲရေးအတွက် ဥပဒေနည်းလမ်းအရ လိုက်နာဆောင်ရွက်ရမယ့် စာလွှာကိုလည်း ၂ ဖက် ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

မြန်မာဗဟိုဘဏ်လက်မှတ်ထိုးတာဟာ အီးယူကရရှိတဲ့ ငွေကြေးတွေကို သုံးစွဲတဲ့နေရာမှာရော၊ အီးယူက မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံတဲ့နေရာမှာရော အီးယူကသတ်မှတ်ထားတဲ့ စံချိန် စံညွန်းတွေနဲ့ ကိုက်ညီမှုရှိဖို့လိုတယ်ဆိုတာကို သေချာအောင် လုပ်ဆောင်ခြင်းဖြစ်တယ်လို့ အီးယူပြည်ပနိုင်ငံများ ငွေကြေး ချေးငှားတဲ့ဌာနက ညွန်ကြားရေးမှူးချုပ် ဒေါက်တာ Tamsyn Barton က ပြောပါတယ်။

ဆွေးနွေးပွဲကို အီးယူ ဥရောပသမဂ္ဂနဲ့ ဥရောပကော်မရှင်က အရာရှိတွေနဲ့အတူ အီးယူနိုင်ငံတွေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြုပ်နှံသူုတွေ စုစုပေါင်း ၁၅၀ ကျော် လိုက်ပါလာကြတာ ဖြစ်ပါတယ်။