အမေရိကန်ရဲ့ အကူအညီမလိုပဲ ကာကွယ်ရေး စွမ်းရည်တွေကို မြှင့်တင်ကြဖို့ ဥရောပသမဂ္ဂ (EU) အကြီးအကဲက အဖွဲ့ဝင် နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။ အာဖဂန်နစ္စတန် နိုင်ငံမှာ အစိုးရစစ်တပ် ပြိုကွဲခဲ့ပြီး၊ တာလီဘန်တွေ နိုင်ငံကို သိမ်းပိုက်လိုက်တာကြောင့် လူပေါင်း ထောင်သောင်းချီ ဝရုန်းသုံးကား တိမ်းရှောင်ခဲ့ရတာ ၁ လလောက် အကြာမှာပဲ ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ပြောလိုက်တာပါ။
“စွမ်းဆောင်ရည် အားနည်းမှုတွေ သာမက နိုင်ငံရေးဆန္ဒ အားနည်းမှုတွေကြောင့် ဥရောပဟာ နောက်ကျန်နေရတာ ဖြစ်ပါတယ်။” လို့ ပြင်သစ်နိုင်ငံ Strasbourg မြို့က ဥရောပ ပါလီမန်မှာ အင်္ဂါနေ့က နှစ်ပတ်လည် မိန့်ခွန်းပြောရာမှာ ဥရောပကော်မရှင် ဥက္ကဋ္ဌက ပြောဆိုလိုက်တာပါ။
ကမ္ဘာတဝန်းကို တိုက်ခိုက်ရေးတပ်တွေ စေလွှတ်ဖို့ တွန့်ဆုတ်လေ့ အရှိဆုံး EU အဖွဲ့ဝင် နိုင်ငံတွေထဲမှာ တနိုင်ငံအဖြစ် ပါဝင်နေတဲ့ ဂျာမနီနိုင်ငံရဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဥရောပ ကော်မရှင်ဥက္ကဋ္ဌကတော့ ကိုယ်တိုင်စွမ်းဆောင်နိုင်စွမ်းရှိတဲ့ ဥရောပ အနေနဲ့ အားစိုက်ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ EU ရဲ့ အစဉ်အလာ သံတမန်ရေး ချဉ်းကပ်မှုတွေနဲ့ ကိုက်ညီမယ့် ကာကွယ်ရေး မဟာမိတ်အဖွဲ့ တခုဖွဲ့စည်းဖို့လည်း အကြံပြုခဲ့တာပါ။
EU အဖွဲ့ဝင်တွေကြား လက်နက်ထုတ်လုပ် ရောင်းချမှုတွေအတွက် အခွန်သက်သာခွင့် အစီအစဉ်တွေ၊ ထောက်လှမ်းရေး သတင်းဖလှယ်တာတွေ၊ ဆိုင်ဘာတိုက်ခိုက်မှု အန္တရာယ်ကနေ ကာကွယ်ရေး လုပ်ငန်းတွေကို တိုးမြှင့်ဖို့လည်း ဥရောပကော်မရှင် ဥက္ကဋ္ဌက တိုက်တွန်းခဲ့ပါတယ်။
--------------------