ထိပ်တန်း အစိုးရအရာရှိတွေ အပေါ် အီးယူ ဗီဇာပိတ်ပင်မှု ရုပ်သိမ်း

ထိပ်တန်း အစိုးရအရာရှိတွေ အပေါ် အီးယူ ဗီဇာပိတ်ပင်မှု ရုပ်သိမ်း

ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံမှာ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့အပြောင်းအလဲတွေ စလုပ်လာတဲ့အပေါ် တုံ့ပြန်ပြီး ဒဏ်ခတ်ပိတ်ဆို့ထားမှုတစ်ခုကို စပြီး လျှော့ပေးလိုက်ပါပြီ။ ဥရောပ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ တွေ့ဆုံပြီးတော့ မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေအပေါ် ခရီးသွားလာခွင့်ဗီဇာ ပိတ်ပင်ထားတာကို လျှော့ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါ့အပြင် နိုင်ငံရေး စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အကူအညီတွေကိုလည်း ပိုပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံထဲမှာ ရုံးခန်းဖွင့်နိုင်ရေးကိုလည်း စီစဉ်နေပါတယ်။ ဒါပေမဲ့ ကျန်နေသေးတဲ့ ပိတ်ဆို့မှုတွေကိုတော့ မြန်မာအစိုးရဘက်က နောက်ထပ် အပြောင်းအလဲတွေ လုပ်လာတဲ့အပေါ်မှာ စောင့်ကြည့်ပြီးတော့ ထပ်မံ လျှော့သွားပေးဖို့ ပြင်ဆင်နေတယ်လို့ အီးယူ ပြောခွင့်ရသူတစ်ဦးက ဆိုပါတယ်။ အပြည့်စုံကို ဦးဝင်းမင်းက တင်ပြထားပါတယ်။

အခုလို ဥရောပသမဂ္ဂဘက်က မြန်မာခေါင်းဆောင်တွေအပေါ် အရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီရေး ဖိနှိပ်မှုတွေကြောင့် ၁၅ နှစ်ကြာ ချမှတ်ထားခဲ့တဲ့ ပိတ်ဆို့မှုတွေထဲက ဒီ ခရီးသွားဗီဇာ ပိတ်ပင်ထားမှုကို ရပ်ဆိုင်းလိုက်တာကို ဥရောပသမဂ္ဂရဲ့ နိုင်ငံခြား ဆက်ဆံရေးရုံး ပြောရေးဆိုခွင့်ရှိသူ မာယာ ကိုချီယန်းညဲ့က် (Maja Kocijaneic) က အခုလို ပြောပြပါတယ်။

“ဒီကနေ့ပဲ ပထမအဆင့်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ဒဏ်ခတ်ပိတ်ဆို့မှုတစ်ခုဖြစ်တဲ့ ခရီးသွားဗီဇာ ပိတ်ပင်ထားတာကို မြန်မာသမ္မတ၊ ဒုသမ္မတတွေနဲ့ ဝန်ကြီးအဖွဲ့ဝင်တွေ၊ လွှတ်တော်နှစ်ရပ်ရဲ့ ဥက္ကဋ္ဌတွေ အတွက် ရပ်ဆိုင်းပေးလိုက်ပါပြီ။”

ပြောခွင့်ရ ကိုချီယန်းညဲ့က် ကပဲ မြန်မာနိုင်ငံမှာ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာအပြီး ပြုပြင်ပြောင်းလဲမှုတွေကို ထူးထူးခြားခြား စလုပ်လာတာမို့ နိုင်ငံ ၂၇ နိုင်ငံပါတဲ့ ဥရောပသမဂ္ဂအဖွဲ့ကလည်း ဒီအပြောင်းအလဲတွေကို အသိအမှတ်ပြု အားပေးတဲ့အနေနဲ့ အခုလို စလျှော့ပေးဖို့ ပထမဆုံးအကြိမ် နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာ၊ နိုင်ငံရေး အကျဉ်းသား အများအပြားကို မကြာခင်က လွှတ်ပေးလာတာနဲ့ တိုင်းရင်းသား နယ်မြေတွေမှာပါ စစ်ပွဲတွေရပ်ဖို့ ကြိုးစားလာနေတာဟာ အီးယူ ဥရောပသမဂ္ဂဘက်က အသိအမှတ်ပြု ထောက်ခံစရာတွေဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အီးယူ ပြောခွင့်ရ ကိုချီယန်းညဲ့က်ကပဲ အခုလို ခရီးသွားဗီဇာ ပိတ်ပင်ထားတာကို ရပ်ဆိုင်းလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ရက်ပိုင်းအတွင်း အသက်ဝင်လာမှာဖြစ်ပြီး နောက်ထပ် မြန်မာဘက်က အပြောင်းအလဲတွေ ဆက်လုပ်လာရင်လည်း တစ်ဆင်းချင်း လျှော့ပေးသွားနိုင်ဖို့ သုံးသပ်မှုနဲ့ ပြင်ဆင်မှုတွေကို စတင် လုပ်ဆောင်နေပြီလို့ အားတက်သရော ပြောဆိုပါတယ်။ ဒါ့အပြင် မြန်မာဘက်က အခုလို ပြုပြင် ပြောင်းလဲမှု စလုပ်လာတဲ့အပေါ် အီးယူဘက်က ဝိုင်းကူပေးတဲ့အနေနဲ့ မြန်မာအစိုးရရဲ့ နိုင်ငံရေးလုပ်ငန်းစဉ် တစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေး ရရှိရေးကိုလည်း ဝိုင်းကူဖို့ရှိတယ်လို့ အခုလို ဆိုပါတယ်။

“ကျမတို့အနေနဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဝိုင်းကူညီပေးဖို့ အသင့်ရှိနေပါပြီ။ နောက်ပြီး တိုင်းရင်းသားလူမျိုးတွေ ပြန်လည် နေရာချထားရေးအတွက် လိုအပ်တဲ့ ငွေကြေး အကူအညီတွေကိုလည်း ပေးသွားဖို့ရှိပါတယ်။”

ပြောခွင့်ရ ကိုချီယန်းညဲ့က် ကပဲ နောက်ထပ် နိုင်ငံရေး အကူအညီတွေ ပေးမှုအနေနဲ့ အစိုးရလုပ်ငန်းတွေ ထိထိရောက်ရောက် ပိုဖြစ်လာဖို့ကိုလည်း ပထမဆုံးအကြိမ်အနေနဲ့ စွမ်းဆောင်ရည် မြင့်တင်ရေး ဝိုင်းကူညီပေးသွားမယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ စွမ်းအင်မြင့်တင်ရေးတွေ လုပ်ပေးနိုင်ဖို့၊ ဆိုလိုတာက ဝန်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည် ပိုကောင်းလာအောင်နဲ့ နေ့စဉ်ဘ၀ အုပ်ချုပ်ရေး ပုံမှန်လုပ်ငန်းတွေ ပိုမို အားကောင်းလာအောင် အကူအညီပေးမှာပါ။”

ဒါ့အပြင် စီးပွားရေးလုပ်ငန်းတွေမှာလည်း ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင် ဖြစ်လာဖို့အတွက် အကြံပေး ကူညီသွားမှာအပြင် စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးနဲ့ အခြား လူမှုရေးကဏ္ဍ တွေကိုလည်း ကူညီသွားဖို့ ရှိတယ်လို့ ဆက်ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အလိုအပ်ဆုံး နေရာတွေမှာ၊ ဥပမာ စိုက်ပျိုးရေးကဏ္ဍမှာ အသေးစားချေးငွေ ထုတ်ပေးဖို့၊ ကျန်းမာရေးကဏ္ဍနဲ့ တခြားကဏ္ဍတွေမှာလည်း ကူညီပေးသွားဖို့ရှိပါတယ်။”

ပြောခွင့်ရ ကိုချီယန်းညဲ့က်ကပဲ ဒီနှစ်နဲ့နောက်နှစ်အတွက် ကူညီဖို့အစပျိုးနေတဲ့ ယူရို သန်း ၁၅၀ ပေးဖို့ ဆုံးဖြတ်ထားပြီးပြီ ဖြစ်ပြီး နောက်ထပ် အကူအညီတွေကို ထိထိရောက်ရောက် ပေးနိုင်ဖို့အတွက်လည်း မြန်မာနိုင်ငံမှာ ဥရောပသမဂ္ဂရုံး စဖွင့်နိုင်ဖို့ကို ဥရောပသမဂ္ဂ နိုင်ငံခြားရေးပေါ်လစီ အကြီးအကဲ ကက်သရင်းအက်ရှ်တွန် ဧပြီလမှာ မြန်မာနိုင်ငံကို သွားလည်တဲ့အခါ ရအောင်လုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ အီးယူ နိုင်ငံခြားရေးပေါ်လစီ အကြီးအကဲရဲ့ ခရီးစဉ်ထဲမှာ မြန်မာအစိုးရ အရာရှိကြီးတွေနဲ့ တွေ့တာအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံ ဆွေးနွေးဖို့ရှိပါတယ်။ နောက်ထပ် မြန်မာအစိုးရဘက်က ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာရင် အီးယူဘက်ကလည်း ထပ်လျှော့ပေးဖို့ကို ဧပြီလမကုန်ခင် နောက်နှစ်အတွက် အီးယူရဲ့ ဘုံသဘောတူညီချက် မချမှတ်ခင်မှာ အပြီး ပြင်ဆင်ရာနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဟာလည်း အရေးပါတယ်လို့ ပြောခွင့်ရ ကိုချီယန်းညဲ့က် က ဆက်ပြောပါတယ်။

ကိုချီယန်းညဲ့က် ကပဲ ဒီနေ့ဆုံးဖြတ်ချက်ကြောင့် မြန်မာအစိုးရအနေနဲ့ ရှေ့မှာ ပို အပြောင်းအလဲတွေလုပ်ဖို့ အားရလာပြီး အပြောင်းအလဲတွေ နောက်ပြန် ဆုတ်မသွားစေဖို့ မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။