ရုရှားပေါ် ပိတ်ဆို့မှုသစ်တွေ EU အတည်ပြု

EU- European Parliament အဆောက်အဦး မြင်ကွင်း။

ရုရှားနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေထပ်လုပ်ဖို့ ဥရောပသမဂ္ဂအုပ်ချုပ်ရေးအဖွဲ့က အတည်ပြုလိုက်ပါပြီ။ ဒါပေမယ့်လည်း ယူကရိန်အစိုးရနဲ့ ရုရှားလိုလားတဲ့ခွဲထွက်ရေးသူပုန်တွေအကြား အပစ်အခတ်ရပ်စဲရေးကို သုံးသပ်ဆောင်ရွက်နိုင်တဲ့ထိ အဲဒီ အရေးယူမှုတွေကို အကောင်အထည်မဖော်ဖို့ ဆိုင်းငံ့ထားပါတယ်။

အီးယူရဲ့ အရေးယူဒဏ်ခတ်မှုသစ်တွေဟာ ရုရှားသဘာဝဓာတ်ငွေ့လုပ်ငန်းကြီးဖြစ်တဲ့ Gazprom ရဲ့ အစိတ်အပိုင်း ရုရှားအစိုးရပိုင်ရေနံကုမ္ပဏီတွေဖြစ်တဲ့ Rosneft နဲ့ Transnet, ရုရှားအစိုးရ တာဝန်ရှိသူအချို့ကို ပစ်မှတ်ထားပါတယ်။ အခု အရေးယူမှုသစ်ဟာ လာမယ့် ရက်ပိုင်းတွေမှာ အသက်ဝင်မှာ ဖြစ်တယ်လို့ ဥရောပကောင်စီ ဥက္ကဋ္ဌ Herman Van Rompuy က ပြောပါတယ်။ဒါပေမယ့်လို့ ယူကရိန်းနိုင်ငံရဲ့ ပကတိ အခြေအနေအပေါ်မှာမှာတည်ပြီး ပြန်လည်သုံးသပ်ဆောင်ရွက်နိုင်ဖို့လည်း လမ်းဖွင့်ထားတယ်လို့ ဆိုပါတယ်။

အခုလို အရေးယူဒဏ်ခတ်မှုသစ်တွေ လုပ်လာမယ်ဆိုရင်တော့ ရုရှား ဝေဟင်ပေါ် လေယာဉ်ပျံသန်းမှုတွေကို ကန့်သတ်ပစ်မယ်လို့ ရုရှားဝန်ကြီးချုပ် Dmitry Medvedev က ခြိမ်းခြောက်ထားပါတယ်။ ရုရှားအပေါ် ဖြတ်ပျံသန်းနေနေရတဲ့ အနောက်နိုင်ငံလေကြောင်းက လေယာဉ်တွေ၊ ရုရှားပေါ် ဖြတ် ပျံသန်းခွင့် မရတော့ဘူးဆိုရင်တော့ အဲဒီလေကြောင်းလိုင်းတွေ ဒေဝါလီခံသွားရနိုင်တယ်လို့ ရုရှားဝန်ကြီးချုပ်ပြောဆိုတာကို ရုရှားသတင်းစာတစောင်က ဖော်ပြထားတာပါ။

ယူကရိန်းက ခွဲထွက်ရေးသူပုန်တွေကို ရုရှားက တိုက်ရိုက်ကူညီထောက်ပံ့ပေးနေတယ်ဆိုပြီး ယူကရိန်းနဲ့ နေတိုးအဖွဲ့က စွပ်စွဲထားပါတယ်။ ခိုင်လုံတဲ့ အထောက်အထားတွေရှိနေပေမယ့်လည်း ရုရှားဖက်ကတော့ သူတို့ဟာ ယူကရိန်းသူပုန်တွေကို လက်နက်ထောက်ပံ့တာမျိုး ယူကရိန်းထဲ သူတို့တပ်တွေ စေလွှတ်တာမျိုး မရှိပါဘူးလို့ ငြင်းဆိုထားပါတယ်။