စနေ EURO ကွာတားဖိုင်နယ်ပွဲများ

UEFA EURO 2024 ဘောလုံးပွဲဗိုလ်လုပွဲ ကွာတားပွဲစဉ်တွေကို ဂျာမနီနိုင်ငံမှာ ဆက်လက်ကျင်းပနေတာမှာ ဒီနေ့ စနေနေ့မှာတော့ အင်္ဂလန်နဲ့ ဆွစ်ဇာလန်၊ နယ်သာလန်နဲ့ တူရကီတို့ ကစားကြမှာ ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ ဆွစ်ဇာလန်ပွဲကို မြန်မာနိုင်ငံစံတော်ချိန် ည ၁၀ နာရီခွဲမှာ စတင်မှာ ဖြစ်ပါတယ်။

နာမည်ကျော် ကစားသမားတွေပါတဲ့ အင်္ဂလန်အသင်းအနေနဲ့ တဦးချင်းစီထက် အသင်းအနေနဲ ဂိုးတွေသွင်းနိုင်ဖို့ အဓိထားတယ်လို့ အင်္ဂလန်အသင်းနည်းပြ Gareth Southgate က ပြောကြားထားပါတယ်။ EURO ပွဲစဉ်တွေ တလျှောက်လုံးလည်း အင်္ဂလန်အသင်းသားတွေရဲ့ ခြေစွမ်းတွေ တိုးတက်လာခဲ့တာ တွေ့ရတယ်လို့ ပြောပါတယ်။

လက်ရှိ EURO ဖလားချန်ပီယံ အီတလီနဲ့ ဂျာမနီအသင်းတွေကို အရင်ပွဲတွေမှာ အနိုင်ရခဲ့တဲ့ ဆွစ်ဇာလန်အသင်းကတော့ အင်္ဂလန်အသင်းကိုလည်း အနိုင်ရအောင် ကစားနိုင်မယ်လို့ ယုံကြည်ကြောင်း ဆွစ်ဇာလန်အသင်းနည်းပြက ပြောပါတယ်။ ဒီ ၂ သင်း EURO ဖလားအတွက် နောက်ဆုံး ကစားခဲ့တာကတော့ ၂၀၀၄ ခုနှစ်မှာ ဖြစ်ပါတယ်။ အရင် အင်္ဂလန်နဲ့ ဆွစ်ဇာလန် ကစားခဲ့ဖူးတဲ့ ပွဲတွေမှာတော့ အင်္ဂလန်အသင်းကပဲ အနိုင်ရခဲ့ပါတယ်။

ဒီနေ့ စနေနေ့မှာ ကစားကြမယ့် နောက်တပွဲကတော့ နယ်သာလန်နဲ့ တူရကီတို့ ကစားကြမယ့်ပွဲပါ။ ဒီပွဲကတော့ မြန်မာစံတော်ချိန် တနင်္ဂနွေမနက် ၁ နာရီခွဲမှာ စမှာပါ။ ကစားခဲ့တဲ့ပွဲတွေမှာ ခြေစွမ်းအတော်လေးပြနိုင်ခဲ့တဲ့ နယ်သာလန်အသင်းက တူရကီကို အနိုင်ရအောင် အစွမ်းကုန်ကစား သွားမယ်လို့ အသင်းနည်းပြက ပြောပါတယ်။

တူရကီအသင်းဘက်ကလည်း အနိုင်ရမယ့် နည်းဗျူဟာတွေနဲ့ ကစားသွားမယ်လို့ အသင်းနည်းပြက ပြောထားပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဒီ ၂ သင်း နောက်ဆုံး ဆုံကြပြီး အဲဒီတုန်းက နယ်သာလန်က ၆ ဂိုး ဂိုမရှိနဲ့ တူရကီကို နိုင်ထားဖူးပါတယ်။

သောကြာနေ့က ကွာတားပွဲစဉ်မှာ အနိုင်ရခဲ့တဲ့ စပိန်နဲ့ ပြင်သစ်အသင်းတို့ ဇူလိုင် ၉ ရက် အင်္ဂါနေ့ကျရင် ပထမဆီမီးဖိုင်နယ် ကန်ကြမှာဖြစ်ပြီး ဒီနေ့နိုင်တဲ့ ၂ သင်းက ဒုတိယဆီမီးဖိုင်နယ်ပွဲအဖြစ် ဗုဒ္ဓဟူးနေ့မှာ ကန်ကြမှာ ဖြစ်ပါတယ်။