အရှေ့အလယ်ပိုင်း ဒုက္ခသည်သောင်းချီ ပြင်သစ်နဲ့ ဗြိတိန်လက်ခံမည်

ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့မှာ ရွှေ့ပြောင်းဒုကခသည်တွေဝင်ရောက်လာစဉ်။

စစ်ဘေးဒဏ်နဲ့ ရင်ဆိုင်နေရတဲ့ အရှေ့အလယ်ပိုင်းဒေသက ဒုက္ခသည်ပေါင်း သောင်းနဲ့ချီပြီး လက်ခံသွားမယ်လို့ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတို့က တနင်္လာနေ့မှာ သဘောတူလိုက်ပါတယ်။ ဒါပေမယ့် အခုရက်ပိုင်းတွေအတွင်း ဂျာမနီနိုင်ငံထဲကို အလုံးအရင်းနဲ့ ဝင်ရောက်နေကြတဲ့ ဒုက္ခသည်ဦးရေ ကြီးမားနေမှုကြောင့် သူတို့နှစ်နိုင်ငံက လက်ခံမယ့်အရေအတွက်ဟာ နည်းပါးတယ်လို့ ရှုမြင်ခံနေရပါတယ်။

ပြင်သစ်နိုင်ငံအနေနဲ့ လာမယ့်နှစ်နှစ်အတွင်း ဒုက္ခသည်ပေါင်း ၂၄,၀၀၀ လက်ခံသွားမယ်လို့ သမ္မတ Francois Hollande က ပြောကြား လိုက်ပြီး ဗြိတိန်နိုင်ငံအနေနဲ့ကတော့ လာမယ့် ၅ နှစ်အတွင်း တူရကီ၊ ဂျော်ဒန်နဲ့ ဆီးရီးယားနိုင်ငံတို့မှာ ရှိနေကြတဲ့ ဒုက္ခသည်စခန်းတွေက ဆီးရီးယား ဒုက္ခသည် ၂၀,၀၀၀ ကို လက်ခံသွားမယ်လို့ ဝန်ကြီးချုပ် David Cameron က ပြောပါတယ်။ အကာကွယ်မဲ့ ကလေးငယ်တွေနဲ့ မိဘမဲ့ကလေးတွေကို ဦးစားပေးလက်ခံသွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် David Cameron က ပြောပါတယ်။

ဥရောပတိုက်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး ရွှေ့ပြောင်းဒုက္ခသည်တွေအရေးနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ဟန်ဂေရီနိုင်ငံကို ဖြတ်ပြီး ပိုမို ချမ်းသာကြွယ်ဝတဲ့ ဂျာမနီနဲ့ Scandinavia တိုင်းပြည်တွေကို သွားလိုကြတဲ့ ဒုက္ခသည်တွေကို ဟန်ဂေရီအစိုးရက ဟန့်တားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို အတားအဆီးတွေ ရှိနေတဲ့ကြားကပဲ ဂျာမနီကို ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လျှက်ရှိပြီး အစိုးရနဲ့ ဒေသခံတွေက စားစရာ၊ ရေနဲ့ ကလေးငယ်တွေအတွက် ကစားစရာ အရုပ်တွေနဲ့ ကြိုဆိုနေကြပါတယ်။ မိခင်နိုင်ငံတွေမှာ ဆင်းရဲမွဲတေမှုနဲ့ စစ်ဘေးဒဏ်တွေကနေ ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်ပေါင်း ၈ သိန်းကို အခုနှစ်အတွင်း နိုင်ငံမှာ လက်ခံသွားမယ်လို့ ဂျာမနီက ပြောပါတယ်။