လောင်စာဆီရှားပါးမှုကြောင့် ဥရောပမှာ ခရစ္စမတ်မီးထွန်းပွဲတွေကျင်းပဖို့ အခက်ကြုံ

Christmas lights are displayed on Regent Street, in London, Nov. 24, 2022.

ရုရှားက ယူကရိန်းနိုင်ငံအပေါ်ကျူးကျော်စစ်ကြောင့် ဥရောပတဝန်းမှာ စွမ်းအင်၊ လောင်စာ အခက်အခဲကြုံနေရတဲ့အချိန်မှာ၊ အခုလာမယ့် ဆောင်းရာသီ ခရစ္စမတ် အားလပ်ရက်ပွဲတော်ကာလအတွင်း မီးရောင်စုံတွေထွန်းပြီး ဆင်နွဲသင့် မနွဲသင့်ဆိုတာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကြားမှာ ဝေခွဲမရ ဖြစ်နေပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် စွမ်းအင်စရိတ်တွေ မြင့်တက်နေတဲ့အတွက် ခရစ္စမတ်ကာလကို စွမ်းအင်ချွေတာတဲ့အနေနဲ့ မီးတွေသိပ်မထွန်းပဲ နေမလား၊ ဒါမှမဟုတ် မီးတွေပုံမှန်အတိုင်း ထွန်းသွားမလားဆိုပြီး အကျပ်အတည်း တွေ့နေတာပါ။ တချို့ကလည်း လွန်ခဲ့တဲ့ ၂ နှစ်မှာ ကိုဗစ်ကပ်ရောဂါကြောင့် ကောင်းကောင်းမဆင်နွှဲလိုက်ရတာကို တွန်းလှန်အံတုပြီး ဆောင်းရာသီအားလပ်ရက်မှာ လူတွေစိတ်ပျော်ရွှင်အောင်လုပ်ဖို့ ဆန္ဒရှိတဲ့သူတွေလည်း ရှိနေပြီး၊ စပိန်နိုင်ငံ ဂရာနာဒါးမြို့ခံတဦးကတော့ မီးတွေမထွန်းဘူးဆိုရင်တော့ ခရစ္စမတ်ပွဲတော်ကိုလည်း မဆင်နွဲတာ ဖြစ်လာနိုင်တယ်လို့ ပြောလိုက်ပါတယ်။

နှစ်စဉ် လူ ၂ သန်းလောက် လာကြည့်တဲ့ ပြင်သစ်နိုင်ငံ Strasbourg မြို့က ခရစ္စမတ်ဈေးက သစ်ပင်မှာဆိုရင်လည်း အာဏာပိုင်တွေက အခုနှစ်မှာ စွမ်းအင်သုံးစွဲမှုကို ၁၀ % လျှော့ချတဲ့အနေနဲ့ မီးအနည်းအကျဉ်းပဲ ထွန်းထားပါတယ်။

ဒါ့အပြင် ပဲရစ်မြို့ နဲ့ လန်ဒန်မြို့တွေမှာဆိုရင်လည်း ခရစ္စမတ်အားလပ်ရက် မီးထွန်းပွဲတော်အချိန်ကို အာဏာပိုင်တွေက ကန့်သတ်ထားသလို၊ စွမ်းအင်သိပ်မကုန်တဲ့ LED မီးလုံးတွေ နဲ့ ပြန်ပြည့်မြဲစွမ်းအင်တွေကို အသုံးပြုထားပါတယ်။ လန်ဒန်မြို့က ဈေးဝယ်စင်တာတွေနဲ့ စည်ကားတဲ့ Oxford လမ်းမှာတော့ LED မီးလုံးတွေတပ်ဆင်ထားသလို၊ မညနေ ၃ နာရီကနေ ၁၁ နာရီအထိပဲ မီးထွန်းဖို့ ကန့်သတ်ပြီးတော့ စွမ်းအင် သုံးစွဲမှုကို ၃ ပုံ ၂ ပုံ လျှော့ချသွားဖို့ မျှော်လင့်နေပါတယ်။

==== Unicode ====



