ဥရောပတိုက်က နာမည်ကြီး Pop ယဉ်ကျေးမှု အစီအစဉ်တခုဖြစ်တဲ့ Eurovision သီချင်းပြိုင်ပွဲမှာ ယူကရိန်းနိုင်ငံက အဆိုတော် Jamala အနိုင်ရရှိသွားပါပြီ။ အစဉ်အလာအားဖြင့် နိုင်ငံရေးသဘောပါဝင်တဲ့ တင်ဆက်မှုတွေ မရှိခဲ့ပေမယ့် ဒီတကြိမ်မှာတော့ ၁၉၄၄ ခုနှစ်က တာတာလူမျိုးတွေကို Crimea ကျွန်းဆွယ်ဒေသကနေ ဆိုဗီယက်အစိုးရက မောင်းထုတ်လိုက်တဲ့အကြောင်း သီချင်း ဖွဲ့ဆိုခဲ့တဲ့ Jamala အနိုင်ရလိုက်တာဟာ နိုင်ငံရေးသဘော ပါဝင်နေတယ်လို့ ဆိုပါတယ်။
အသက် ၃၃ နှစ်အရွယ် အဆိုတော် Jamala ဟာ ၂၀၁၄ ခုနှစ်က ရုရှားတို့ သိမ်းပိုက်ခြင်းခံခဲ့ရတဲ့ Crimea ကျွန်းဆွယ်သူ ဖြစ်ပါတယ်။ အဲဒီ သိမ်းပိုက်မှုကြောင့် ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းအစိုးရတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
၁၉၄၄ လို့ နာမည်ပေးထားတဲ့ သူမရဲ့ သူချင်းဟာ သူ့ဆွေမျိုး တာတာတွေကို ရည်ညွန်းထားတာ ဖြစ်ပေမယ့် အခုလက်ရှိ ပဋိပက္ခကို ထင်ဟပ်ထားတဲ့ သဘောတွေ့ရပါတယ်။
ဒီပြိုင်ပွဲမှာ ဥရောပက ၁၄ နိုင်ငံအပါအဝင် သြစတေးလျနဲ့ အစ္စရေးနိုင်ငံတို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဆွီဒင်နိုင်ငံ၊ Stockholm မြို့မှာ ကျင်းပခဲ့တဲ့ ၄ နာရီကြာ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ပွဲကို စနေနေ့က ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်ပြီ၊ ဥရောပ၊ တရုတ်၊ သြစတေးလျ၊ နယူးဇီလန်တို့မှာ ထုတ်လွှင့် ပြသပြီး အမေရိကန်ပြည်ထောင်စုမှာလည်း ပထမဆုံးအကြိမ် တိုက်ရိုက် ကြည့်ရှုခွင့် ရခဲ့ပါတယ်။
Eurovision ပွဲတော်ရဲ့ နာမည်ကျော် ဆုရှင်တွေထဲမှာတော့ ၁၉၇၄ ခုနှစ်မှာ ဆွီဒင်နိုင်ငံက ABBA အဖွဲ့၊ ၁၉၈၈ ခုနှစ်မှာ ကနေဒါနိုင်ငံသူ အဆိုကျော် Celine Dion ၊ ၂၀၀၃ ခုနှစ်မှာ ရုရှားနိုင်ငံက အမျိုးသမီး အဆိုတော်စုံတွဲ TATU တို့ ပါဝင်ခဲ့ဖူးပါတယ်။
Your browser doesn’t support HTML5
Eurovision သီချင်းပြိုင်ပွဲ ယူကရိန်းဗိုလ်စွဲ