FA ဖလား Wigan အသင်းအနိုင်ရ

အောင်ပွဲခံနေတဲ့ Wigan ဘောလုံးအားကစားသမားများ

အက်ဖ်အေဖလား (The FA Cup) ဘောလုံးဖိုင်နယ် မှာ ဝီဂန်အက်သလက်တစ် (Wigan Athletic) အသင်းက မန်ချက်စတာစီးတီး (Manchester City) ကို အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။ လန်ဒန်မြို့ ဝင်ဘလေ (Wembley) ကွင်းမှာ စနေနေ့က ကစားခဲ့ကြတာမှာ ဝီဂန်က ၊ ဗိုလ်စွဲမယ်လို့ အများကထင်ကြေးပေးထားတဲ့ မန်စီးတီးကို ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားတာပါ။
ဒီပွဲမှာ မန်စီးတီးအသင်းက အာဂျင်တီးနား နောက်ခံလူ ပါဘလို ဇာဘာလက်တာ (Pablo Zabaleta) ကစားတာကြမ်းတာကြောင့် ၂ ဝါ ၁ နီ နဲ့ ၈၄ မိနစ်မှာ အထုတ်ခံခဲ့ရပြီး၊ ဝီဂန်အတွက် ၁ လုံးတည်းသော အနိုင်ဂိုးကို မိနစ် ၉၀ မှာ ထောင့်ကန်ဘောကတဆင့် ဘန်ဝတ်ဆင် (Ben Watson) က ခေါင်းတိုက်ပြီး သွင်းလိုက်တာကြောင့် မန်စီးတီးဟာ ချေပဂိုးပြန်မသွင်းနိုင်ပဲ နောက်ဆုံးမှာ ဝီဂန်အသင်းက FA ဖလားကို အနိုင်ရသွားတာပါ။

ဒါဟာ ဝီဂန်ဘောလုံးအသင်းရဲ့ ၈၁ နှစ်တာ သမိုင်းမှာ အဓိက ဆုဖလားတခုကို ပထမဆုံးအကြိမ် ရဖူးတာဖြစ်ပါတယ်။ ဝီဂန်နည်းပြ မာတီနက်စ်ကတော့ သူ့အသင်းဟာ ထိုက်ထိုက်တန်တန်အနိုင်ရခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ မန်စီးတီးဟာ ဒီပွဲမှာ ရှုံးလိုက်တာကြောင့် အခုနှစ်မှာ ဖလားတလုံးမှ မရဘဲ၊ နည်းပြမန်ချီနီ ဒီနှစ်အကုန်မှာ ထွက်ပေးရတော့မယ်ဆိုပြီး ထင်ကြေးပေးပြောဆိုတာတွေ တိုးလာနေပါတယ်။

ဝီဂန်အသင်းဟာ အမှတ်ပေးပြိုင်ပွဲမှာ တန်းဆင်းဇုံထဲရောက်နေတာကြောင့် လာမယ့်နှစ်ဘောလုံးရာသီမှာ Premier League မှာ ဆက်ရှိမယ်မရှိဘူးဆိုတာမသေချာသေးပေမယ့်၊ အခု FA ဖလားကို အနိုင်ရသွားတာကြောင့် ဝီဂန်ဟာ လာမယ့်နှစ်ဘောလုံးရာသီမှာ ဥရောပပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။