မြောက်ဦးမြို့လယ် ဗုံးကြဲခံရမှု ၆ ယောက်သေဆုံး

ရက္ခိုင်တပ်တော် AA နဲ့ မြန်မာစစ်ကောင်စီကြားတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် ပျက်စီးသွားတဲ့ နေအိမ်များ

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြို့တွေထဲက မြောက်ဦးမြို့ပေါ်ကို စစ်တပ်က ဗုံးကြဲခဲ့လို့ ကလေးငယ်တယောက် အပါအဝင် ၆ ယောက် သေဆုံးခဲ့ပါတယ်။ မြေပြင်တိုက်ပွဲတွေ ရှိမနေတဲ့ နေရာတွေအပေါ် စစ်တပ်က အခုလို ဗုံးကြဲနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေတဲ့ အခြေအနေအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစည်သူက တင်ပြပါမယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ AA အာရက္ခတပ်တွေကြား တိုက်ပွဲတွေအတွင်း AA လက်အစောပိုင်းထဲက ကျရောက်ခဲ့တဲ့ မြို့တွေထဲက မြောက်ဦးမြို့ပေါ်ကို စစ်တပ်က ဒီနေ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ၂ ဘက်တိုက်ပွဲတွေ မြေပြင်မှာ မရှိပေမဲ့ မြို့လည်နေရာကို လေကြောင်းကနေ ဗုံးကြဲမှုအတွင်း ကလေးငယ်တယောက်အပါအဝင် အရပ်သားတွေ သေဆုံးခဲ့တယ်လို့ မြောက်ဦးမြို့ခံ အမျိုးသမီးတယောက်က အခုလို ပြောပြပါတယ်။

“မြောက်ဦးမှာက ဒီနေ့ နေ့လည် ၁၂ နာရီခွဲလောက် ဖြစ်မယ်။ လေယာဉ်နဲ့ လာပြီးတော့ ပစ်သွားတာပေါ့နော်။ မြောက်ဦး မြို့လယ်ခေါင်တည့်တည့်လို့ ပြောလို့ရတယ်။ မြောက်ဦးဟိုတည်နဲ့ နဝရတ်ဟိုတယ် ရှေ့တည့်တည့်ကို ကျတယ်။ ဗုံးကတော့ ၂ လုံးကြဲသွားတာ သူတို့က ဒဏ်ရာရ သွားတဲ့ လူအရေအတွက်တော့ ညီမတို့ မသိရသေးဘူး။ သေဆုံးသွားတာကတော့ ကလေးတဦးအပါအဝင် ၆ ယောက်သေသွားတယ်ပေါ့။ အမျိုးသမီးတယောက်ကိုလည်း အရေးပေါ်ဆေးရုံ ပို့လိုက်ရတဲ့အနေအထား ရှိတယ်။”

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာ ၁၃ ရက်နေ့မှာ စစ်ကောင်စီနဲ့ AA ကြား တကျော့ပြန် ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ဒီကနေ့အထိ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ AA ဘက်က ရခိုင်မြောက်ပိုင်းက မြို့နယ် ၈ ခုနဲ့ ရခိုင်တောင်ပိုင်းက ရမ်းဗြဲမြို့နယ်တို့ကို သိမ်းပိုက်ထားပါတယ်။

AA သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ ၂ ဘက် တိုက်ခိုက် တိုက်ပွဲတွေ မရှိပေမဲ့ စစ်တပ်က မကြာခဏဆိုသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက် သေဆုံးနေပါတယ်။ မကြာခင်ရက်ပိုင်းက ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သား၂ ဦးသေဆုံးပြီး ရ ဦးထက်မနည်းဒဏ်ရာ ရှိခဲ့ပါတယ်။ အခုလို AA ထိမ်းချုပ်ထားတဲ့ မြို့တွေက အရပ်သားတွေ ရှိတဲ့နေရာတွေအပေါ် စစ်တပ်က တိုက်ခိုက်နေတာကြောင့် ရခိုင်ဒေသခံ ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ အသက်အန္တရာယ် စိုးရိမ်နေကြတာကိုလည်း မြောက်ဦးမှာနေတဲ့ အမျိုးသမီးက ပြောပြပါတယ်။

“စိုးရိမ်မှုကတော့ အများကြီး ရှိပါတယ်။ ဘယ်လိုမျိုး စိုးရိမ်လည်းဆိုတော့ စစ်ကောင်စီကတော့ AA ထိန်းချုပ်ထားတဲ့ ဒေသတွေဆိုလို့ရှိရင် နေ့ရော ညရော သူတို့က လာချင်တဲ့အချိန်လာပြီးတော့ ပစ်ချင်တဲ့ အချိန်ပစ်နေတာ။ သူတို့က ဘယ်နေရာတွေကို ပစ်မှတ်ထားလဲ မသိဘူး၊ ဒါပေမဲ့ ဒေသခံတွေရှိတဲ့ နေရာတွေကို အများကြီးကျတယ်။ အပြစ်မရှိတဲ့ ဒေသခံတွေ အများကြီး သေဆုံးတာတွေ ရှိတယ်ဆိုတော့လေ။ အကုန်လုံးကတော့ လေကြောင်းနဲ့ ပတ်သတ်ပြီး စိုးရိမ်မှုက အများကြီး ရှိပါတယ်။”

အခုလို စစ်တပ်ဘက်က အရပ်သားတွေကို ဦးတည်တိုက်ခိုက်နေတာ၊ လူနေအဆောင်အအုံတွေ၊ စာသင်ကျောင်းတွေနဲ့ သာသနိက အဆောက်အအုံတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု မလုပ်ဖို့ အာရက္ခတပ်တော် AA ဘက်က စစ်ကောင်စီကို တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီ ဘက်က လက်မခံခဲ့ကြောင်းလည်း AA ဘက်က ပြောဆိုထားတာ ရှိပါတယ်။ လက်ရှိမှာတော့ ရခိုင်တောင်ပိုင်းက သံတွဲမြို့နယ်နဲ့ ရခိုင်မြောက်ပိုင်းက မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AA ကြားနှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ မောင်တောမြို့နယ်မှာတော့ ဒီရက်ပိုင်း မြို့တွင်း တိုက်ပွဲပိုပြင်းထန်နေပြီး တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့ အရပ်သားတွေကို တိုက်ပွဲကြားကနေ ကယ်ထုတ်ပြီးတော့ ဘေးကင်းမယ့်နေရာတွေကို ရွှေ့ပြောင်းပေးနေတယ်လို့လည်း AA ဘက်က ထုတ်ပြန်ထားပါတယ်။