စစ်ကိုင်းတိုင်း ပုလဲမြို့ကို နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းကစလို့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေတာဖြစ်ပြီး ၄ ရက် မြောက်နေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာတော့ စစ်ကောင်စီတပ်တွေက လေကြောင်းက တိုက်ခိုက်သလို၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က စစ်တပ်အင်အား ထပ်ဖြည့်တင်းခဲ့ပြီး အခုအချိန်မှာတော့ မြို့ကို ထိန်းချုပ်ထားပါတယ်။ ပုလဲတဝိုက်က အခြေအနေနဲ့ ပတ်သက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ တဦးက VOA ကို ပြောပါတယ်။
"၄ ရက်မြောက် အခြေအနေမှာတော့ မနက်လင်းကတည်းက ပြည်သူ့တော်လှန်ရေး ရဲဘော်နဲ့ စကစ ဆက်လက်တိုက်ပွဲဝင်နေတာပါပဲ။ လေကြောင်းဖြစ်တဲ့ ဂျက်ဖိုက်တာတို့၊ ၃၅ တို့ကတော့ ကျွန်တော်အကြိမ်ရေထားတာဆိုရင် ဂျက်ဖိုက်တာနဲ့က ၄ ကြိမ် ၃၅ နဲ့ဆို အကြိမ်ရေ မရေမတွက် နိုင်အောင်ပစ်တယ်။ ၁၁ နာရီ မိနစ် ၄၀ လောက်မှာ မုံရွာ နမခကနေ အင်အား Mi 17 နဲ့ လေးကြိမ်လောက်၊ အင်အား ၁၀၀ လောက် လာရောက် ဖြည့်တင်းမှု ခံလိုက်ရပါတယ်။”
ပုလဲမြို့ထဲမှာ အချို့နေရာတွေမှာ မီးလောင်ကျွမ်းနေဆဲ ဖြစ်သလို မြို့နဲ့ ၂ ဖာလုံ လောက်ဝေးတဲ့ အလယ်ဘုံကျေးရွာမှာတော့ စစ်တပ်က မီးရှို့ခဲတယ်လို့လည်း ပြောပါတယ်။ တိုက်ပွဲဖြစ်ပွါးရာ တဝိုက်က ကျေးရွာ အနည်းဆုံး ၇ ရွာက ဒေသခံ ၂ သောင်းနီးပါးလောက် စစ်ဘေးရှောင်နေကြရတာ ဖြစ်ပြီး သူတို့ဟာ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးကြရတယ်လို့လည်း ပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိသူက ပြောပါတယ်။ ဆောင်းရာသီ ဖြစ်နေတာကြောင့် စစ်ရှောင်တွေ အတွက် အနွေးထည်တွေ စောင်တွေနဲ့ အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွါးခဲ့တဲ့ ၄ ရက်တာ အတွင်း အရပ်သား ၄ ဦး ထက်မနည်း သေဆုံးခဲ့ရတယ် လို့လည်း ပြောပါတယ်။
Your browser doesn’t support HTML5