မြန်မာနိုင်ငံမှာ မျက်စိအတွင်းတိမ်ရောဂါကြောင့် မျက်စိကွယ်နေသူပေါင်း ၅၀၀ ကျော်ကို ၂၀၁၆ခုနှစ်က အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့တဲ့ အမေရိကန် မျက်စိအထူးကုဆရာဝန်ကြီး Geoffrey Tabin က အာရှ နိုင်ငံတွေထဲ မျက်စိအတွင်းတိမ်ရောဂါ အဖြစ်အများဆုံးနိုင်ငံထဲမှာ မြန်မာနိုင်ငံပါဝင်နေကြောင်း ဗွီအိုအေကို ပြောပါတယ်။
သူဟာ နီပေါ မျက်စိအထူးကုဆရာဝန်ကြီး Sanduk Ruit နဲ့တွဲဖက်ပြီး the Himalayan Cataract Project လို့ခေါ်တဲ့ ဟိမဝန္တာ မျက်စိအတွင်းတိမ် အထူးကုစီမံကိန်း ကို တည်ထောင်ပြီး မြန်မာ၊ မြောက်ကိုရီးယား၊ အီသီယိုပီးယားစတဲ့ နိုင်ငံပေါင်း ၂၄ နိုင်ငံကျော်က မျက်စိကွယ်နေသူပေါင်း ၁၅၀, ၀၀၀ ကျော်ကို ပြန်ပြီးမြင်လာအောင် ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။
အမေရိကန်ပြည်ထောင်စု CBS ရုပ်သံသတင်းဌာနက အပတ်စဉ်ထုတ်လွှင့်နေတဲ့ မိနစ် (၆၀) အစီအစဉ်ကနေ မြန်မာနိုင်ငံမှာ မျက်စိအတွင်းတိမ်ကြောင့် မျက်စိကွယ်နေသူတွေကို သွားရောက်ပြီး အခမဲ့ ခွဲစိတ်ကုသပေးတဲ့ မျက်စိအထူးကုဆရာဝန်ကြီး ၂ ဦးအကြောင်းကို တနင်္ဂနွေနေ့က ထုတ်လွှင့်ပြသခဲ့ပါတယ်။
နီပေါ မျက်စိအထူးကုဆရာဝန်ကြီး Sanduk Ruit နဲ့အတူ အမေရိကန် မျက်စိအထူးကုဆရာဝန်ကြီး Geoffrey Tabin တို့နှစ်ဦးဟာ မျက်စိအတွင်းတိမ် အဖြစ်များဆုံး ရှမ်းပြည် တောင်ကြီးမြို့မှာ လေးရက်အတွင်း အတွင်းတိမ်ဖြစ်နေသူ လူနာပေါင်း (၅၆၀) ကျော်ကို မျက်စိပြန်မြင်လာအောင် ခွဲစိတ်ကုသပေးနိုင်ကြောင်း ရိုက်ကူးတင်ပြထားပါတယ်။ သူတို့နှစ်ဦးဟာ မြန်မာနိုင်ငံ အမျိုးသားမျက်စိအထူးကုဌာနကတဆင့် မြန်မာနိုင်ငံက ဆရာဝန်တွေကို သင်တန်းပေးရင်း မျက်စိကွယ်နေသူတွေကို ခွဲစိတ်ကုသပေးခဲ့ပုံကို ဒေါက်တာ Geoffrey Tabin က အခုလို ဗွီအိုအေကို ပြောပြပါတယ်။
“မြန်မာနိုင်ငံဟာ အာရှမှာ တိမ်ကြောင့် မျက်စိကွယ်နှုန်း အများဆုံး နိုင်ငံတွေထဲမှာ တခု အပါအဝင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆရာဝန်တွေက သိပ်တော်ကြပေမယ့် သူတို့က ပြည်ပမှာ ဒီပညာကို လေ့လာခွင့်ရကြတာပါ။ ဒါကြောင့် ကျနော်တို့က မြန်မာနိုင်ငံက မျက်စိ အထူးကု ဒေါက်တာ အေးချမ်းကို နီပေါကိုခေါ်ပြီး မျက်စိ ခွဲစိပ်မှုကို သင်တန်းပေးပါတယ်။ သူ့ရဲ့ သင်တန်းအပြီးမှာ သူက မြန်မာနိုင်ငံကို ပြန်ပြီး လူနာတွေကို စစ်ဆေးပါတယ်။ ကျနော်တို့ ရန်ကုန်မှာ မျက်စိ အထူးကု သင်တန်းဖွင့်ပြီး မျက်စိတိမ် ခွဲစိပ်မှုလဲ လေ့ကျင့်ပေးပါတယ်။ ဒီသတင်တန်းသားတွေနဲ့အတူ ကျနော်တို့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကိုသွားပြီး တိမ်ကြောင့် မျက်စိ လုံးဝကွယ်ခဲ့တဲ့ လူပေါင်း ၅၀၀ ကျော်ကို ခွဲစိပ် ကုသပေးခဲ့ပါတယ်။ ကျနော်နဲ့ ဒေါက်တာ Ruit အပါအဝင် မြန်မာဆရာဝန်တွေ၊ သူနာပြုတွေအဖွဲ့က လူပေါင်း ၅၆၀ ကို တပတ်အတွင်း ခွဲစိပ် ကုသပေးခဲ့ပြီး မျက်စိ အလင်းပြန်ရစေခဲ့ပါတယ်။”
ဒေါက်တာ Tabin နဲ့ ဒေါက်တာ Ruit တို့နှစ်ဦး တည်ထောင်ထားတဲ့ ဟိမဝန္တာ မျက်စိအတွင်းတိမ် အထူးကုစီမံကိန်းကနေ “အမှောင်ကနေ အလင်းဆောင်” ဆိုတဲ့ ရည်မှန်းချက်နဲ့ မြန်မာနိုင်ငံမှာ အတွင်းတိမ်ကြောင့် မျက်စိကွယ်နေသူတဦးချင်းစီကို မိနစ်အနည်းငယ်အတွင်း အခမဲ့ခွဲစိတ်ကုသပေးခဲ့ကြတာဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ မြန်မာနိုင်ငံလို ဖွံဖြိုးဆဲနိုင်ငံတွေကို သွားရောက်ပြီး အခမဲ့ မျက်စိခွဲစိတ်ကုသပေးသလို၊ နေရပ်ရင်းနိုင်ငံတွေက ဆရာဝန်တွေကိုလည်း ထပ်ဆင့်သင်တန်းပေးပြီး လေ့ကျင့်ပေးခဲ့တဲ့အတွက် အဲဒီဆရာဝန်တွေကတဆင့် အတွင်းတိမ်လူနာပေါင်း လေးသန်းကျော်ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ကြပါတယ်။
ဒေါက်တာ Tabin ဟာ အမေရိကန်ပြည်ထောင်စု Utah တက္ကသိုလ်မှာ မျက်စိအထူးကုဆရာဝန်အဖြစ် သင်ကြားပို့ချနေသလို၊ ကမ္ဘာကျော်တက္ကသိုလ်တွေဖြစ်တဲ့ ဟားဗတ်၊ ရေးလ်၊ အောက်စဖို့ တို့ကနေ ထူးချွန်စွာအောင်မြင်ခဲသူတဦးဖြစ်ပါတယ်။ ဒါအပြင် ကမ္ဘာ့အမြင့်ဆုံးတောင်အများ အပြားကိုလည်း တက်နိုင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလို မျက်စိရောဂါနဲ့ပတ်သက်ပြီး ပရဟိတလုပ်ငန်းမှာ ပါဝင်လာတဲ့အကြောင်းအရင်းကို ဗွီအိုအေကို အခုလိုပြောပါတယ်။
“ကျနော် အခုလို မျက်စိခွဲစိပ် ကုသပေးဖို့ စေတနာ့ဝန်ထမ်းစိတ် ပေါ်လာတာကတော့ ကျနော့် မိဘတွေ၊ အဖိုး အဖွားတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ကျနော့်အနေနဲ့ ဒီဆေးပညာသင်ကြားတာက အပြောင်းအလဲကို ဖော်ဆောင်လိုတဲ့အတွက်ပါပဲ။ နီပေါမှာ ဒေါက်တာ Ruit လုပ်ကိုင်နေတာ မြင်ရတော့ ကျနော်ရဲ့ ရည်မှန်းချက် အကောင်အထည် ဖော်ဖို့ လမ်းပွင့်သွားခဲ့ပါတယ်။ သိပ်ကို အကူအညီလိုအပ်တဲ့ လူအတော်များများရဲ့ ဘဝကို ပြောင်းလဲစေနိုင်ခဲ့ပါတယ်။”
အလားတူ မျက်စိအတွင်းတိမ် အထူးကုစီမံကိန်းကို ဒေါက်တာ Tabin နဲ့အတူ တွဲဖက်တည်ထောင်ခဲ့တဲ့ နီပေါ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ Sanduk Ruit ကတော့ ဆင်းရဲတဲ့ နီပေါမိဘနှစ်ဦးကနေ အထူးကုဆရာဝန်ကြီး ဖြစ်လာအောင်ကြိုးစားခဲ့ရတဲ့ အကြောင်းအရင်းမှာ ညီမဖြစ်သူဟာ အဆုပ်ရောဂါနဲ့ သူ့ရှေ့မှာတင် သေဆုံးခဲ့တဲ့အတွက် ဆရာဝန်ဖြစ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အခိုင်အမာ ချခဲ့ကြောင်း CBS နဲ့ တွေ့ဆုံခန်းမှာ ပြောပြခဲ့ပါတယ်။
ဟိမဝန္တာ မျက်စိအတွင်းတိမ် အထူးကုစီမံကိန်းကို နီပေါနိုင်ငံ Tilganga မြို့မှာ အခြေစိုက်ပြီး အဲဒီမှာ အတွင်းတိမ်ကြောင့် မျက်စိကွယ်နေသူတွေအတွက် အစားထိုးကုသတဲ့ မျက်လွှာအတု ထုတ်လုပ်နိုင်အောင် ပြုလုပ်ထားပါတယ်။ ဒေါက်တာ Ruit ရဲ့ အခုလို တီထွင်တဲ့ နည်းပညာကြောင့် မျက်စိခွဲစိတ်ကုသမှု စုစုပေါင်း ဒေါ်လာ ၂၀ ပဲကုန်ကျပါတယ်။
Monks sit among a group of people waiting to remove their bandages following cataract surgery. Himalayan Cataract Project
အခုလို မျက်စိအထူးကုဆရာဝန်ကြီးတွေရဲ့ အခမဲ့ခွဲစိတ်ကုသပေးတဲ့အစီအစဉ်ဟာ မြန်မာနိုင်ငံအတွက် အလွန်အကျိူးရှိပြီး ထိရောက်မှုရှိကြောင့် အမေရိကန်အခြေစိုက် မြန်မာဆရာဝန် ဒေါက်တာတင့်ဆွေက ပြောပါတယ်။
“အခုလို မျက်စိ အတွင်းတိမ်ကို ခွဲစိတ်ကုသပေးတာဟာ အင်မတန်မှကောင်းပြီးတော့ မြန်မာနိုင်ငံမှာ တော်တော့်ကိုလိုအပ်နေတယ်လို့ ကျနေ်ာယူဆတယ်ခင်ဗျ။ မျက်စိ မှာ တိမ် ၃ မျိုးရှိတယ်ခင်ဗျ ၊ ကျနေ်ာတို့ အပြင်တိမ်ရယ် ၊ အတွင်းတိမ်ရယ် ရေတိမ်ရယ် လို့ခေါ်ပါတယ် အခုသိရသလောက်ကတော့ cataract လို့ခေါ်တာကတော့ အတွင်းတိမ် ၊ တခါ မျက်စိရောဂါသည်မှာ မျက်စိကွယ်ရခြင်းအကြောင်းမှာလည်း အများဆုံးဖြစ်တဲ့ရောဂါတခုပါပဲ ။ မြန်မာနိုင်ငံမှာလည်း တော်တော် များများရှိတယ် နိုင်ငံတကာမှာလည်း ရှိတယ်ပေါ့နော်။ မြန်မာနိုင်ငံမှာကတော့ အသက်အရွယ်အရ တချို့က အရွယ်ရလာရင်ပိုပြီးတော့ ဖြစ်ကြတဲ့ အတွင်းတိမ်ဖြစ်ပါတယ်။ အဲဒါကို ကျနေ်ာတို့ ခွဲစိတ်ကုသပြီးတော့ မှန်ဘီလူးအသစ်အတုပေါ့နော် အစားထိုးရင်တော့ လူကောင်းလိုပဲ ပြန်ဖြစ်နိုင်ပါတယ် ဒါကတော့ အင်မတန်မှ လိုအပ်ပါတယ်။”
မြန်မာ အပါအဝင် ဖွံဖြိုးဆဲနိုင်ငံတွေမှာ မျက်စိမမြင်တဲ့သူတယောက်သက်တမ်းဟာ လူ့သက်တမ်းရဲ့ သုံးပုံတပုံ လောက်ပဲနေရပြီး မျက်စိမမြင်တဲ့ကလေးဆိုရင် သူရဲ့သက်တမ်းဟာ ငါးနှစ်ပဲရှိတယ်လို့ ဒေါက်တာ Geoffrey Tabin ဂျက်ဖရေ တာဘင် ကပြောပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံမှာ ခွဲစိတ်ကုသခဲ့တဲ့ အတွေ့အကြုံကို ဗွီအိုအေကို အခုလိုပြောပြပါတယ်။
“မျက်စိမမြင်ရတဲ့လူတွေအတွက် ဝန်ဆောင်မှုလုပ်ငန်းတွေ မရှိတဲ့ မြန်မာလို နိုင်ငံမျိုးမှာ မျက်စိ မမြင်ရင် ဘဝမှာ ရည်တည်လို့ သိပ်ခက်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ မျက်စိကွယ်ခဲ့ပြီး ပြန်မြင်ကြတော့ သူတို့တတွေ သိပ်ကို ပျော်ရွှင်ကြပါတယ်။ စိတ်ချမ်းသာစရာ သိပ်ကောင်းပါတယ်။ ကျနော်တို့ ပရဟိတ လုပ်ငန်းကို ကမ္ဘာ့ တခြားနေရာတွေကိုလည်း တိုးချဲ့ဖို့ ကြိုးစားနေပါတယ်။”
ဟိမဝန္တာ မျက်စိအတွင်းတိမ် အထူးကုစီမံကိန်းကို နိုင်ငံတကာအလှုရှင်တွေ ပါဝင်လှုဒါန်းကြပြီး အခုဆိုရင် MacArthur Foundation က လှူဒါန်းမယ့် အမေရိကန်ဒေါ်လာ သန်း ၁၀၀အတွက် လျောက်ထားသူအဖွဲ့ပေါင်း ၁၉၀၀ ထဲက စကာတင် ၈ဖွဲ့ထဲမှာ ပါဝင်နေပါတယ်။
Your browser doesn’t support HTML5
မြန်မာအတွက် အမှောင်ထဲက အလင်းဆောင်ပေးခဲ့သူ အထူးကု ၂ ဦး