အစ္စရေး ပါလက်စတိုင်း တိုက်ပွဲပြန်စ

ဂါဇာမှာ တိုက်ပွဲပြင်းထန် (သြဂုတ် ၈၊ ၂၀၁၄)

အစ္စရေးနဲ့ပါလက်စတိုင်းအကြား သုံးရက်ကြာ ယာယီ အပစ်အခတ်ရပ်စဲမှု သက်တမ်းကုန်ဆုံးပြီးနောက် သောကြာနေ့မှာတော့ ဟာမတ်ဖက်က အစ္စရေးကို ဒုံးကျည်နဲ့ ပစ်ခတ်မှုတွေ ပြန်စသလို၊ အစ္စရေးဖက်ကလည်း ဂါဇာကို လေကြောင်း တိုက်ခိုက်မှုတွေ ပြန်လုပ်လာပါတယ်။ သုံးရက်ကြာ ယာယီအပစ်ရပ်မှုကို သက်တမ်းထပ်တိုးဖို့ ဆွေးနွေးပွဲဟာ မအောင်မမြင်ဖြစ်ရပြီးတော့ တိုက်ပွဲတွေပြန်ဖြစ်လာတာပါ။

အစ္စရေးတိုက်လေယဉ်တွေရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာအပေါ်မှာ မီးခိုးလုံးကြီး မြင်တွေ့ကြရသလို၊ ဟားမတ်ဖက်ကလည်း အစ္စရေးကို ဒုံးကျည် ဒါဇင်နဲ့ချီ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ယာယီ အပစ်အခတ်ရပ်စဲရေး မရခင် ပြီးခဲ့တဲ့ အပြန်အလှန်တိုက်ပွဲတွေဟာ တလကြာပြီး၊ လူပေါင်း နှစ်ထောင်နီးပါး သေဆုံးခဲ့ ရပါတယ်။

အပစ်အခတ်ရပ်စဲရေးသက်တမ်းတိုးဖို့အတွက် အီဂျစ်နိုင်ငံတွင်း ဆွေးနွေးပွဲ မအောင်မြင်ပဲ၊ အကြမ်းဖက်မှုတွေ ပြန်ဖြစ်လာတဲ့ အပေါ်မှာ အလွန်ပဲ စိတ်ပျက်ရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောပါတယ်။ အီဂျစ်ကတော့ ဆွေးနွေးပွဲဟာ တိုးတက်မှုတွေရှိခဲ့တယ်လို့ဆိုပြီး၊ အပစ်အခတ်ရပ်စဲရေးသစ်ရဖို့ကို တိုက်တွန်းနေပါတယ်။

ဒါပေမယ့် အစ္စရေးဖက်က သူ့ကိုယ်စားလှယ်အဖွဲ့ကို သောကြာနေ့မှာ ပဲ ပြန်ရုပ် ခဲ့ပါတယ်။ ဟာမးတ်ဖက်က ဒုံးကျည်တိုက်ခိုက်မှုတွေ လုပ်လာတာကြောင့်၊ ဒီလို တိုက်ခိုက်မှုတွေ ရှိနေသရွေ့တော့ ပါလက်စတိုင်းနဲ့ဆွေးနွေးမှာမဟုတ်ဘူးလို့ အစ္စရေးဖက်က ပြောပါတယ်။