ဂျော်ဂျီယာ ပထမဆုံးအမျိုးသမီးသမ္မတ ကျမ်းသစ္စာကျိန်ဆို

ဂျော်ဂျီယာနိုင်ငံသမ္မတသစ် Salome Zurabishvili

ဂျော်ဂျီယာနိုင်ငံမှာ ပထမဆုံး အမျိုးသမီးသမ္မတ တနင်္ဂနွေနေ့က ကျမ်းသစ္စာ ကျိန်ဆို လိုက်ပါပြီ။ ရွေးကောက်ပွဲအတွင်း မရိုးသားမှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ပါလီမန် ရွေးကောက်ပွဲတွေကို အမြန်ဆုံး ပြန်ပြန်ကျင်းပပေးဖို့ အတိုက်အခံပါတီဘက်က တောင်းဆို နေတဲ့ကြားကဘဲ Salome Zurabishvili ဟာ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိုက်တာပါ။

သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီ ဖြစ်တာကြောင့် ပါလီမန်စံနစ်ကို ပြောင်းလဲ အုပ်ချုပ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်လည်း စတင် အသက်ဝင်လာပြီဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတကတော့ တကယ့်အာဏာ မရှိဘဲ ပြယုတ်အဖြစ်သာ တည်ရှိမှာ ဖြစ်ပါတယ်။

အသက် ၆၆ နှစ်အရွယ်၊ ပြင်သစ်နိုင်ငံဖွား Zurabishvili ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တိုင်းပြည်အရှေ့ပိုင်း ဝိုင်ထွက်တဲ့ Kakheti ဒေသက ရှေးဟောင်း Telavi မြို့မှာရှိတဲ့ ဂျော်ဂျီယာရဲ့ ဒုတိယနောက်ဆုံးဘုရင် Heraclius II ခြံဝင်းအတွင်းမှာ ကျင်းပခဲ့တာပါ။

သူ့သမ္မတသက်တမ်းရဲ့ ရည်ရွယ်ချက်ဟာ ဂျော်ဂျီယာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် တင်ပေးပြီး ဥရောပတိုက်နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ နောက်ကြောင်း ပြန်လှည့်လို့မရတဲ့ အခြေအနေရောက်အောင် စွမ်းဆောင်ပေးသွားဖို့ ဖြစ်တယ်လို့ သမ္မတသစ်က ပြောပါတယ်။

အတိုက်အခံပါတီတွေကတော့ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင် ရလိုက်တဲ့ Zurabishvili ကို သမ္မတအဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆိုနေပြီး သမ္မတ အိမ်တော်ရှေ့မှာ ကန့်ကွက် ဆန္ဒပြပွဲတွေ ပြုလုပ်နေကြပါတယ်။

Your browser doesn’t support HTML5

ဂျော်ဂျီယာ ပထမဆုံးအမျိုးသမီးသမ္မတ ကျမ်းသစ္စာကျိန်ဆို