ငါးဖမ်းသမားတွေ လွတ်မြောက်ရေး ငါးဖမ်းအသင်းတွေ ထိုင်းအစိုးရကို တိုက်တွန်း

ထိုင်းတော်ဝင်ရေတပ်ကထုတ်ပြန်ထားတဲ့ ဓါတ်ပုံမှာ မြန်မာနဲ့နယ်စပ် ထိုင်းနိုင်ငံ ရနောင်းမြို့ဆိပ်ကမ်းမှာ ဒဏ်ရာရငါးဖမ်းလုပ်သားတဦးကို သယ်ဆောင်လာတာတွေ့ရစဉ် (နိုဝင်ဘာ ၃၀၊ ၂၀၂၄)

ပြီးခဲ့တဲ့ ရက်ပိုင်း ထိုင်း ငါးဖမ်းစက်လှေပေါ်က ဖမ်းဆီးခံခဲ့ရတဲ့ ရေလုပ်သားတွေ ပြန်လည်လွှတ်မြောက်ရေးနဲ့ မြန်မာစစ်တပ် သိမ်းဆည်းထားတဲ့ ငါးဖမ်းစက်လှေ ပြန်ရရေး အမြန်ဆုံး လုပ်ဆောင်ပေးဖို့ ထိုင်း ငါးဖမ်းလုပ်ငန်း အသင်းဝင်တွေက ထိုင်းအစိုးကို တောင်းဆိုနေပါတယ်။

နောက်နောင် မြန်မာစစ်တပ်ဘက်က အလားတူ ပစ်ခတ်ဖမ်းဆီးတာမျိုးတွေ မလုပ်အောင် ဟန့်တားပေးဖို့လည်း Purse Seine ငါးဖမ်းအသင်း၊ Ranong နဲ့ Phang Nga ငါးဖမ်းအသင်းတွေက ထိုင်းအစိုးရနဲ့ ရေတပ်ကို တောင်းဆိုနေပါတယ်။

စနေနေ့က မြန်မာစစ်တပ်က ဖမ်းဆီးခဲ့တဲ့ ထိုင်း ငါးဖမ်းလှေဟာ မြန်မာရေပိုင်နက်ထဲမှာ ရေကြောင်းမိုင် ၂ မိုင်လောက်ပဲ ဝင်သွားခဲ့ပြီး ရနောင်းဘက်က လှေမဟုတ်ဘဲ Phangnga ဘက်က ငါးဖမ်းလှေဖြစ်တဲ့အတွက် နယ်မြေ ကျွမ်းကျင်မှု မရှိတဲ့အကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်ချုပ် Thanathip Sawangsaeng က ပြောပါတယ်။

လက်နက်မဲ့ ငါးဖမ်းသမားတွေကို ပစ်ခတ်ဖမ်းဆီးတာဟာ အင်အားအလွန်အကျွံသုံးပြီး လွန်လွန်ကျုးကျုး ဖြေရှင်းတဲ့ လုပ်ရပ်လို့ ထိုင်းစစ်တပ်က ဝေဖန်နေပါတယ်။ စစ်ဆေးချင်တယ်ဆိုရင် အချက်ပေး မီးပြပြီး လိုအပ်ရင် လှေဦးပိုင်းကို သတိပေးပစ်ခတ်နိုင်ပေမဲ့ မြန်မာစစ်တပ်က အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ ထိုင်း စစ်တပ်ပြောခွင့်ရက ပြောပါတယ်။

မြန်မာ စစ်ကောင်စီကတော့ ထိုင်းငါးဖမ်းစက်လှေပေါ်ဖမ်းမိသူထားသူတွေမှာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်မှုတွေ့ရတဲ့အတွက် စုံစမ်းစစ်ဆေးနေဆဲရှိပြီး၊ ဖမ်းဆီးထားတဲ့ မြန်မာရော ထိုင်းနိုင်ငံသားအားလုံး ကောင်းကောင်းမွန်မွန်ရှိနေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။