အိန္ဒိယနယ်စပ်မှာ ခိုလှုံသူ စစ်ဘေးရှောင် မြန်မာ ၅ ထောင်ကျော်

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင်းကို ထွက်ပြေးခိုလှုံလာကြတဲ့ မြန်မာစစ်ဘေးရှောင်များ | Photo Credit: Special Arrangement


five-thousand Myanmar take refuge in India

မြန်မာစစ်ကောင်စီရဲ့ လေကြောင်းက တိုက်ခိုက်တဲ့ အန္တရာယ်တွေကို စိုးရိမ်တဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အတွင်းက Kamjong ခရိုင်ထဲမှာ လာရောက် ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ၅ ထောင်ကျော် ရှိတယ်လို့ ဒေသခံတပ်မှူးတဦးကို ကိုးကားပြီး အိန္ဒိယနိုင်ငံက သတင်းတွေမှာ ဖော်ပြပါတယ်။

ယာယီဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၅,၄၀၀ လောက်ရှိကြောင်း အာသံရိုင်ဖယ်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Pradeep Chandran Nair ကို ကိုးကားပြီး The Hindu သတင်းမှာ ရေးပါတယ်။

အိန္ဒိယနယ်စပ်နဲ့ မဝေးလှတဲ့ မြန်မာနိုင်ငံဘက်အခြမ်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံတိုင်းရင်းသား လက်ကိုင်အဖွဲ့တွေအပါအဝင် PDF ပူးပေါင်း တပ်ဖွဲ့တွေအကြား မနှစ်ကစ တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာမှာ စစ်ကောင်စီဘက်က တပ်စခန်း အတော်များများ လက်လွှတ်ဆုံးရှုံးခဲ့ရပြီးတဲ့နောက် အဲဒီ ဒေသတွေကို လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အတော်များများ သေဆုံးခဲ့ရသလို ထောင်နဲ့ချီတဲ့ အရပ်သားပြည်သူတွေလည်း အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ မဏိပူရနဲ့ မီဇိုးရမ်း ပြည်နယ်တွေဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြတာပါ။

မီဇိုးရမ်းပြည်နယ်အစိုးရက မြန်မာနိုင်ငံသားတွေကို ခိုလှုံနေထိုင်ခွင့်ပြုထားပေမယ့် မဏိပူရအစိုးရကတော့ ထွက်ပြေးလာသူတချို့ကို တရားမဝင် ဝင်ရောက်လာမှုနဲ့ ဖမ်းဆီးခဲ့ပြီး တချို့ကို မြန်မာနိုင်ငံဘက် ပြန်ပို့ခဲ့နေတာမှာ နောက်ဆုံးအသုတ်အဖြစ်နဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က ၃၈ ယောက်ကို မြန်မာဘက်ကို ပြန်လည် လွဲှပြောင်းပေးလိုက်ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး N. Biren Singh က လူမှုကွန်ယက်မှာ ရေးပါတယ်။

ကျန်ရှိနေသူ အများစုကိုလည်း စာရင်းကောက်ပြီး မြန်မာနိုင်ငံဘက် ပြန်ပို့မယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူးက ကတိပေး ပြောဆိုထားပါတယ်။