Florida မဲ ပြန်လည်ရေတွက်မှု ရီပတ်ပလီကန်ကိုယ်စားလှယ် အသာရနေ

အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် ရွေးကောက်ပွဲ မဲရလဒ်တွေကို ပြန်လည် ရေတွက်မှုက ဒီကနေ့ တနင်္ဂနွေနေ့မှာ အပြီးသတ်ဖို့ ရှိနေပါတယ်။

လက်ရှိ အချိန်ထိတော့ အထက်လွှတ်တော် အမတ်နေရာ အတွက် ရီပတ်ပလီကန် ပြည်နယ် အုပ်ချုပ်ရေးမှူး Rick Scott က ပြိုင်ဘက် ဒီမိုကရက် Bill Nelson ကို ဦးဆောင်နေပါတယ်။ ဒေသစံတော်ချိန် မနေ့ စနေနေ့ နေ့လည်ပိုင်း အထိ ဒီမိုကရက် ကိုယ်စားလှယ် Nelson က ရီပတ်ပလီကန် ကိုယ်စားလှယ် Scott ထက် မဲရလဒ် ၁ သောင်း ၂ ထောင်လောက် ပြတ်ကျန်နေပါတယ်။

ဖလော်ရီဒါ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ မဲရလဒ်တွေကို စက်နဲ့ ပြန်လည် ရေတွက်မှုမှာတော့ ရီပတ်ပလီကန် Ron DeSantis က ဒီမိုကရက် Andrew Gillum ထက် ဝ.၄ ရာခိုင်နှုန်း အသာစီးနဲ့ ဦးဆောင်ခဲ့တာကြောင့် မဲရလဒ်တွေကို လက်နဲ့ ပြန်လည် ရေတွက်ဖို့ မလိုအပ်တော့ပါဘူး။

မဲရလဒ်တွေကို စက်နဲ့ ရေတွက်ရာမှာ အနိုင်အရှုံးက ဝ.၂၅ ရာခိုင်နှုန်းမပြည့်ဘူးဆိုရင်တော့ ဖလော်ရီဒါ ပြည်နယ် ဥပဒေ အရ မဲရလဒ်တွေကို လက်နဲ့ တရွက်ချင်း ပြန်လည် ရေတွက်ကြရတာ ဖြစ်ပါတယ်။

ပြည်နယ် အုပ်ချုပ်ရေးမှူး ယှဉ်ပြိုင်မှုမှာ ရီပတ်ပလီကန် ကိုယ်စားလှယ် DeSantis အနိုင်ရခဲ့တဲ့ အတွက် ဝမ်းမြောက် ဂုဏ်ပြုကြောင်း ပြိုင်ဘက် ဒီမိုကရက် Gillum က မနေ့ စနေနေ့ ညနေပိုင်းမှာ Facebook လူမှုကွန်ယက်မှာ ဗီဒီယိုတင်ခဲ့ပါတယ်။ ရီပတ်ပလီကန် ကိုယ်စားလှယ် DeSantis ရဲ့ စည်းရုံးရေး အဖွဲ့ဘက်ကတော့ တုံ့ပြန်ကြေညာချက် မထုတ်သေးပါဘူး။ ဖလော်ရီဒါ ပြည်နယ် ရွေးကောက်ပွဲ မဲရလဒ်တွေကို လက်နဲ့ ပြန်လည် ရေတွက်မှု အပြီးသတ်ဖို့ ဒီကနေ့ တနင်္ဂနွေနေ့ မွန်းလွဲပိုင်း အထိ ဆောင်ရွက်ရမှာပါ။

Your browser doesn’t support HTML5

Florida မဲ ပြန်လည်ရေတွက်မှု ရီပတ်ပလီကန်ကိုယ်စားလှယ် အသာရနေ