ကန်ရင်းနှီးမြှုပ်နှံမှု မြန်မာလူထု အကျိုးဖြစ်လောက်အောင် မရှိသေး

အမေရိကန် အပါအဝင် အနောက်အုပ်စုရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေဟာ ပွင့်လင်းမြင်သာမှု ရှိပေမဲ့လည်း မြန်မာလူထု အကျိုးရှိလောက်တဲ့ အနေအထားထိ မရှိသေးဘဲ ရင်းနှီးမြှုပ်နှံမှု နည်းလွန်းနေပါတယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။

ဒီရက်ပိုင်းအတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံတွင်းက အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ မြန်မာပြည်သူတွေအတွက် အလုပ်အကိုင် ဖန်တီးပေးမှု၊ လူမှု အကျိုးပြု လုပ်ငန်းတွေအတွက် ရန်ပုံငွေ ထည့်ဝင်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး အခုလို မှတ်ချက်ပေး ပြောဆိုကြတာ ဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ပွင့်လင်းမြင်သာမှု အခြေအနေ အရပ်ရပ်ကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်းက အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး တာဝန်ခံမှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု ရှိနေတယ်လို့ ပြောနိုင်ပေမဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏ နည်းလွန်းသေးတာကြောင့် မြန်မာလူထုအတွက် အကျိုးရှိမှု နည်းသေးတယ်လို့ စီးပွားရေးပညာရှင် ဦးခင်မောင်ညိုက ပြောပါတယ်။

“မြင်သာထင်သာရှိတယ်ဆိုတာကတော့ လွယ်လွယ်ပြောရင်တော့ မှန်မှန်ကန်ကန် လုပ်တယ်ပေါ့နော်။ မှန်မှန်ကန်ကန်လုပ်တယ်။ ပတ်ဝန်းကျင်မထိခိုက်ရအောင်၊ ဒေသခံတွေ မထိခိုက်ရအောင် လုပ်တယ်ဆိုတဲ့ သဘောမျိုး ယူဆလို့ရတာပေါ့လေ။ အဲတော့ မြင်သာထင်သာရှိတာကောင်းတယ်။ မကောင်းဘူးမဟုတ်ဘူး။ သို့သော် အများပြည်သူ အကျိုးရှိတဲ့ စတိလောက်ပေါ့ နောက် အခုက Coca-Cola ဆိုရင် တကယ့်တကယ် ပြောရလို့ရှိရင် ဘယ်လောက်အကျိုးရှိသလဲလို့ ပြောရလို့ရှိ ရင် တော်တော် ပြောရခက်တယ်။ သိပ်ပြီးတော့ ထူးထူးခြားခြား အကျိုးရှိတဲ့လုပ်ငန်း မဟုတ်ဘူး။ ဧရာမထုတ်လုပ်တဲ့ လုပ်ငန်းကြီးလည်း မဟုတ်ဘူး။ အလုပ်သမားတွေလည်း အများကြီး ရတာလည်းမဟုတ်ဘူး။ နည်းပညာကလည်း သိပ်ကြီးကြီးမားမား မဟုတ်ဘူး။ အဲတော့ မြင်သာထင်သာ ရှိတဲ့ဘက်ကတော့ ဟုတ်တယ်။ ဒါပေမဲ့ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုက ကြီးကြီးမားမား အထောက်အကူဖြစ်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးလို့ မမြင်ဘူး။”

မြန်မာနဲ့ ထိတွေ့ ဆက်ဆံရေးမူဝါဒ ကျင့်သုံးလာတဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံတွင်း သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏနဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဒီလ ၉ ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အစီရင်ခံစာတခု ထုတ်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံတွင်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများစုကတော့ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်ကတည်းကစလို့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ဒေသခံတွေရဲ့ မြေယာ ရယူအသုံးပြုမှုကအစ သယံဇာတ တူးဖော်မှုအဆုံး အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ဒီဘက် အရပ်သားအစိုးရ လက်ထက်မှာတော့ မြန်မာနိုင်ငံတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး လူထုရဲ့ ဆန္ဒပြမှုတွေ ကန့်ကွက်မှုတွေနဲ့ ကြုံတွေ့လာရတာမို့ တရုတ်ဘက်ကလည်း ပွင့်လင်းမြင်သာမှုရှိဖို့ ဆိုတာကို နည်းနည်း အာရုံစိုက်လာတဲ့သဘော တွေ့ရတယ်လို့ စီးပွားရေးပညာရှင် ဦးခင်မောင်ညိုက ပြောပါတယ်။

“နောက်ပိုင်းမှာတော့ တရုတ်က နည်းနည်းလေး ပိုပြီးတော့ ဂရုစိုက်လာတယ်။ ဒေသခံတွေနဲ့ အဆင်ပြေမှဖြစ်မယ်။ ပတ်ဝန်းကျင်မထိခိုက်မှ ဖြစ်မယ်ဆိုတဲ့ဟာကိုတော့ ရှေ့မှာ သင်ခန်းစာ ရထားပြီပေါ့နော်။ မြစ်ဆုံတို့ ဘာတို့မှာ။ သင်ခန်းစာရထားတော့ တရုတ်က နည်းနည်းတော့ ဂရုစိုက်လာတဲ့ သဘောရှိတယ်။ ပွင့်လင်းမြင်သာမှုကတော့ ပိုပြီးတော့ အနောက်တိုင်းက လာရင်ကတော့ အဲဒါကို ပိုဂရုစိုက်တယ်။ အနောက်တိုင်းကပေါ့နော်။ ဒီအရှေ့တိုင်းကတော့ သိပ်ပြီးတော့ အဲ့ဒီဟာကို အရှေ့တိုင်းတခုလုံးမှာကိုက သိပ်ပြီးတော့ အဲ့ဒီဟာကို မြင်သာထင်သာ သိပ်မရှိလှသေးဘူး။ ဒီဂျပန်အပါအဝင်ပေါ့လေ။ အဲတော့ စောစောက ကျနော်စပြီးတော့ ပြောသလိုပဲ။ သူတို့က မြင်သာထင်သာတာကတော့ ဟုတ်တယ်။ မလာဘူး။ ဒီဘက်ကကျတော့ လာတဲ့ဟာတွေက မြင်သာထင်သာ မရှိဘူး။ အဲတော့ မြင်သာထင်သာလည်းရှိ လာလည်းလာတဲ့ဟာမျိုးကို ကျနော်တို့က မျှော်လင့်တာပဲ။ ဒါတွေက ရင်းနှီးမြှုပ်နှံတဲ့ သူတွေရဲ့ သဘောပေါ့နော်။”

တခါ ပြည်တွင်းလုပ်ငန်းရှင်တွေဘက်မှာလည်း လုပ်ငန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လူထုကို ထုတ်ပြန်လိုမှုနဲ့ ပွင့်လင်းမှုအခြေအနေ သိပ်မရှိသေးပေမဲ့ အခုနောက်ပိုင်းမှာတော့ မြေယာပြဿနာတို့လို အခက်အခဲတွေနဲ့ ရင်ဆိုင်လာကြရတဲ့အခါမှာ ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီတွေဘက်ကလည်း စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အနည်းငယ် ပွင့်လင်းလာချင်တဲ့ အနေအထားပါလို့ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက စီမံချက် တာဝန်ခံ ကိုဝင်းကျော်ကျော်က ဆိုပါတယ်။

“အရင်တုန်းကလို မဟုတ်တဲ့အချက်က သူတို့က မြေယာနဲ့ပတ်သက်လို့ သူတို့လည်း တကယ်တော့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လေ။ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတော့ သူတို့လည်း ဖြေရှင်းစရာ နည်းလမ်းတခုခုကိုတော့ ရှာလိုတဲ့သဘောမှာရှိနေတယ်လို့ အကုန်လုံးတော့ မဟုတ်ဘူး။ တချို့သော ကုမ္ပဏီ၊ တချို့လုပ်ငန်းရှင်တွေက ရှာလိုတဲ့သဘောမှာ ရှိနေတယ်လို့တော့ ကျနော်ပြောလို့ရပါတယ်။ ကျနော် တွေ့ကြုံခဲ့သမျှ။”

လက်ရှိ မြန်မာနိုင်ငံတွင်းက ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်တဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တယ်ဆိုပေမဲ့လည်း လူ့အခွင့်အရေး လေးစားလိုက်နာမှုနဲ့ ပွင့်လင်းမြင်သာမှု နည်းတာကြောင့် အလုပ်ရှင် အလုပ်သမား ပြဿနာတွေနဲ့ ကြုံတွေ့နေရပြီး မြန်မာနိုင်ငံအတွက် အကျိုးရှိစေမယ့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုရဖို့တော့ လိုအပ်နေဆဲပါလို့ စီးပွားရေးဆိုင်ရာ ပညာရှင်တို့က ပြောဆိုကြပါတယ်။