မြန်မာပြည်သင့်မြတ်ရေး ဆွေးနွေး အဖြေရှာဖို့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုက်တွန်း

ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲ နဲ့ မြန်မာငြိမ်းချမ်းရေး စင်တာက ဒေါက်တာကျော်ရင်လှိုင်၊ ဦးညိုအုန်းမြင့်တို့နဲ့ တွေ့ဆုံစဉ်။ ( သတင်းဓာတ်ပုံ Credit-ဦးညိုအုန်းမြင့် Peace CenterFB)

ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုတွေအပေါ် အခြေခံတဲ့ ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ မတူကွဲပြားသူတွေကြား ထိတွေ့ ဆက်ဆံ ဆွေးနွေးမှုတွေနဲ့ ဖြေရှင်းဖို့ လိုအပ်တဲ့အကြောင်း မြန်မာနိုင်ငံ မှာ ရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Tony Blair ကပြောလိုက်ပါတယ်။
"အစွန်းရောက်ဝါဒကို တန်ပြန်ခြင်းနှင့် ဘာသာပေါင်းစုံ နားလည်မှု မြှင့်တင်ခြင်း" ဆိုတဲ့ခေါင်းစဉ်နဲ့ ရန်ကုန်မြို့က မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနမှာ ဟောပြောရာမှာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းက အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေဟာ ဒီကနေ့ ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ အလားသဏ္ဍန်တူပြီးတော့ ဖြေရှင်းတဲ့ နေရာမှာ စိတ်ရှည်ရှည် သီးခံသွားကြဖို့ လိုတယ်လို့လည်း ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ က တိုက်တွန်းလိုက်ပါတယ်။

မတူညီတဲ့ ယဉ်ကျေးမှုနဲ့ မတူညီတဲ့ ယုံကြည်မှုတွေ ရှိနေတဲ့လူတွေ ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်သွားခဲ့တဲ့ မြောက်အိုင်ယာလန်ကိစ္စမှာ နမူနာ ယူလို့ရတဲ့အကြောင်း ဝန်ကြီးချုပ် တာဝန်ယူတဲ့ ၁၉၉၇ ကာလတွေမှာ မြောက်အိုင်ယာလန်မှာ ငြိမ်းချမ်းမှု ရလိမ့်မယ်လို့ တစ်ဦးတစ်ယောက်ကမှ ယုံကြည်မှု မရှိခဲ့တဲ့အကြောင်း၊ တစ်ပြည်ထောင်စနစ် သွားချင်တဲ့ သူရယ်၊ သမ္မတ နိုင်ငံတည်ထောင်ချင်တဲ့သူတွေရယ်နဲ့ သူတို့တွေဟာ အဆောက်အဦး တစ်ခုထဲ မှာ အခန်းတစ်ခန်းထဲမှာတောင် အတူတူ ထိုင်လို့မရကြတဲ့ အထိ ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့လည်း တာဝန်က မထွက်ခွာခင် ၂ လ အလိုမှာ အံ့သြစရာကောင်းလောက်အောင် မယုံကြည်နိုင်စရာ တွေ့လိုက်ရတာကတော့ အဲဒီ အုပ်စု ၂ စု ရဲ့ ခေါင်းဆောင်တွေက အခန်းတစ်ခန်းထဲမှာ အတူတူ ထိုင် သွားနိုင်တာကို တွေ့ရတယ်။ ဒါကြောင့်လည်း မတူညီတဲ့ ဘာသာ ယာဉ်ကျေးမှုတွေ အယူဝါဒ ပြဿနာတွေ ဖြစ်နေတာ မြန်မာနိုင်ငံတစ်ခုထဲမှာ မဟုတ်ပဲ နေရာတိုင်းမှာ ရှိနေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း က ပြောဆိုသွားတာ ဖြစ်ပါတယ်။

အစွန်းရောက်ဆန်တဲ့ အကြမ်းဖက် လုပ်ရပ်တွေထပ် မဖြစ်အောင်လို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးစကားဝိုင်းတွေ များများလုပ်ပါ လို့လည်း သူကတိုက်တွန်းခဲ့ပါတယ်။

"အစွန်းရောက်သူတွေ ဟာ ဘာသာတိုင်းမှာ ရှိပါတယ်။ ဗုဓ္ဒဘာသာမှာ ရှိသလို ခရှစ်ရှန်မှာ၊ ဟိန္နူဘာသာမှာ၊ မွတ်စလင်ဘာသာတွေမှာလည်း ရှိတဲ့အကြောင်း ဒါပေမဲ့ ကျနော် တို့ အနေနဲ့ မတူညီ တဲ့ ဘာသာဝင်တွေ အတွက် ဘာသာပေါင်းစုံ ချစ်ကြည်မှု ဆိုင်ရာ စကားဝိုင်းတွေ ဖန်တီးပြီး ပေါင်းကူးပေးနိုင်ဖို့ လိုတဲ့အကြောင်း ဒါမှသာ မတူတဲ့ ဘာသာတွေ ထဲက တန်ဖိုးတွေ၊ ပေါင်းကူးမှုတွေ၊ အယူအဆတွေကို သေချာ ကွဲကွဲပြားပြားနားလည် သဘော ပေါက်လာနိုင်မှာဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်းကပြောဆိုသွားခဲ့ပါတယ်။

၂၁ ရာစုမှာ မတူညီတဲ့ ယဉ်ကျေးမှု မတူညီတဲ့ အယူဝါဒတွေ အကြား ဘယ်လို ငြိမ်းချမ်းစွာနေထိုင်ကြမလဲ ဆိုတာက အရေးပါဆုံးသော ကိစ္စတစ်ခု ဖြစ်တယ်လို့ သူက ပြောပါတယ်။

၂၁ ရာစု မှာ အဓိကအကြီးမားဆုံး စိန်ခေါ်မှုကတော့ မတူတဲ့ ဘာသာဝင်တွေ အကြား အတူတူ ဘယ်လိုယှဉ်တွဲနေထိုင်နိုင်ကြမလဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ ဒီကိစ္စတွေဟာ ပါလက်စတိုင်းမှာလို အရှေ့အလယ်ပိုင်းဒေသတွေမှာလည်း ရှိသလို ဗြိတိန်မှာလည်း ရှိနေတယ်ဆိုတာ သူ့အတွေ့အကြုံတွေ အရပြောနိုင်ပါတယ်။ လန်ဒန်လို မြို့ကြီးတွေ မှာလည်း မတူညီ တဲ့ ယဉ်ကျေးမှု နဲ့ ယုံကြည်မှု တွေရှိနေတယ်ဆိုတာ ထောက်ပြပြောဆိုခဲ့ပါတယ်။

မစ္စတာ တိုနီဘလဲဟာ သူရဲ့ ဟောပြောပွဲ အတွင်းမှာ သူကြုံတွေခဲ့ရတဲ့ မြောက်အိုင်ယာလန် ဖြစ်စဉ် နဲ့ ပါလက်စတိုင်း က ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကိုလည်း မြန်မာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေမှာ သင်ခန်းစာ ယူနိုင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

မစ္စတာ တိုနီသလဲ တင်ပြသွားတဲ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ ငြိမ်းချမ်းရေး နာမှုနာ ပုံစံ၊ လူမျိုးရေး အသွင်ဆောင် အကြမ်းဖက်မှုတွေထဲက ကောင်းတဲ့ သင်ခန်းစာတွေကို ယူ ပြီး မြန်မာနိုင်ငံအနေနဲ့လည်း ဖြေရှင်းဖို့ လိုအပ်တယ်လို့လည်း မြန်မာငြိမ်းချမ်းရေးစင်တာအကြီးတန်း အကြံပေးတစ်ဦးဖြစ်တဲ့ ဒေါက်တာကျော်ရင်လှိုင် က ဗွီအိုအေ ကိုပြောပါတယ်။

"ကျနော်တို့ရဲ့ ကိုယ်ပိုင် Model တွေကို ချဖို့၊ ကိုယ်ပိုင် Opprove တွေကို ချဖို့အတွက် နည်းလမ်းကောင်းတွေ၊ အကြံညဏ်ကောင်းတွေ ရတယ်လို့ပဲ ပြောချင်ပါတယ်။"

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲဟာ သူ့ရဲ တိုနီဘလဲ ဖောင်ဒေးရှင်း အစီအစဉ်အရ မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပြီးတော့ သူ့ရဲ့ ခရီးစဉ် နဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာကို မေးမြန်းကြည့်တဲ့အခါမှာလည်း ဒီနှစ်ထဲမှာ ဝန်ကြီးဦးအောင်မင်းက အိုင်ယာလန် နိုင်ငံနဲ့အင်္ဂလန်နိုင်ငံတွေ ကို သွားရောက်ခဲ့စဉ်က သူ့ကို မြန်မာပြည်လာရောက်ဖို့ ဖိတ်ကြားချက်အရ လာရောက်တာဖြစ်ပြီးတော့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ အခုလိုငြိမ်းချမ်းရေး နဲ့ လူမျိုးရေး ဘာသာရေး နဲ့ ပတ်သက်ပြီး သူကြုံတွေခဲ့ရတဲ့ အတွေ့အကြုံတွေ ကို ဟောပြောပေးတာ ဖြစ်တယ်လို့လည်း မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်ရေး
စင်တာက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးညိုအုန်းမြင့် ကပြောဆိုခဲ့ပါတယ်။