ဖိလစ်ပိုင် သမ္မတကတော်ဟောင်း Imelda Marcos ကို ဖမ်းဝရန်းထုတ်

ဖိလစ်ပိုင် သမ္မတဟောင်း ကတော်၊ လွှတ်တော်အမတ်လည်းဖြစ်ဆဲ Imelda Marcos

ဖိလစ်ပိုင်သမ္မတကတော်ဟောင်း Imelda Marcos ကို အဂတိလိုက်စားမှုနဲ့အပြစ်ရှိကြောင်း တရားရုံးတခုက ဆုံးဖြတ်ချက်ချခဲ့ပြီး ဖမ်းဆီးဖို့ အမိန့်ချလိုက်ပါတယ်။ ဒီဇိုင်နာ ဖိနပ်အရန်ပေါင်းများစွာနဲ့ လက်ဝတ်လက်စား၊ ပန်းချီကားမြောက်များစွာပိုင်ဆိုင်တယ်လို့ နာမည်ကျော်တဲ့ အသက် ၈၉ နှစ်အရွယ် Mrs. Marcos ကတော့ တရားရုံးဆုံးဖြတ်ချက်အရ ထောင်ဒဏ်ကိုရှောင်ရှားနိုင်ဖို့နဲ့ လွှတ်တော်အမတ်နေရာကို ဆက်လက် ထိန်းထားနိုင်ဖို့ အယူခံတင်ဖို့ ပြင်ဆင်နေပါတယ်။

အဂတိလိုက်စားမှု ၇ မှုနဲ့အပြစ်ရှိကြောင်းတေ့ွရှိတဲ့ Mrs. Marcos ကို အမှုတခုအတွက် ထောင်ဒဏ် ၆ နှစ်စီ ကျခံဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အထူးတရားရုံးက အမိန့်ချခဲ့တာပါ။ Imelda Marcos မနီလာ အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်နေစဉ်က Switzerland မှာအခြေစိုက်တဲ့ အဖွဲ့တွေဆီ ဒေါ်လာ သန်း ၂၀၀ လောက်ကို တရားမဝင် ရွှေ့ပြောင်းခဲ့တယ်လို့ စွပ်စွဲခံရတာပါ။

Imelda Marcos နဲ့သူ့ခင်ပွန်း သမ္မတဟောင်း Ferdinand Marcos တို့ဟာ William Saunders နဲ့ Jane Ryan ဆိုတဲ့နာမည်တွေသုံးပြီး သူတို့ပိုင်ဆိုင်မှုတွေ လူမသိအောင်ဖုံးကွယ်ခဲ့တယ်လို့ အစိုးရအထူး ရှေ့နေက သတင်းထောက်တွေကို ပြောပါတယ်။ ၁၉၈၆ ခုနှစ်က ပြည်သူ့အုံကြွမှုကြောင့် Ferdinand Marcos သမ္မတရာထူးကနေ ဆင်းပေးခဲ့ရပြီး ၁၉၈၉ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။

Your browser doesn’t support HTML5

ဖိလစ်ပိုင် သမ္မတကတော်ဟောင်း Imelda Marcos ကို ဖမ်းဝရန်းထုတ်