ICC ကချွင်းချက်နဲ့ လွှတ်လိုက်တဲ့ Ivory Coast သမ္မတဟောင်း ဘယ်လ်ဂျီယံမှာ ဆက်နေရမည်

Ivory Coast သမ္မတဟောင်း Laurent Gbagbo အား နယ်သာလန်နိုင်ငံ နိုင်ငံတကာရာဇဝတ်ပြစ်မှုဆိုင်ရာတရားရုံးရှေ့မှာ တွေ့ရစဉ်။ (ဇန်နဝါရီ ၁၅၊ ၂၀၁၉)

နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာ ခုံရုံး ICC ကနေ အပြစ်မရှိကြောင်း စီရင်ချက်နဲ့ လွတ်မြောက်ခဲ့တဲ့ အိုင်ဗရီကိုစ့် သမ္မတဟောင်း Laurent Gbagbo ကို ဘယ်လ်ဂျီယံနိုင်ငံက လက်ခံဖို့ သဘောတူလိုက်ပါတယ်။

ICC က သူ့ကို ခြွင်းချက်နဲ့ လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ သမ္မတဟောင်းအနေနဲ့ သူ့ကို လက်ခံတဲ့နိုင်ငံမှာသာ နေထိုင်ရမှာ ဖြစ်ပါတယ်။ နောက် သူ့အမှုကြောင်းနဲ့ဆိုင်တဲ့ မျက်မြင်သက်သေတွေနဲ့ ဆက်သွယ်ခွင့် မပြုသလို သူ့အမှုအကြောင်းကိုလည်း ထုတ်ဖော် ပြောဆိုခွင့်မရှိပါဘူး။

အပြစ်မရှိကြောင်း စီရင်ချက်ချမှတ်ခံရတဲ့ Laurent Gbagbo ကို ခြွင်းချက်နဲ့လွှတ်တဲ့ ကိစ္စက ဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး Gbagbo ရဲ့ ရှေ့နေ Emmanuel Altit က လျှောက်လဲခဲ့ပေမယ်လို့ မအောင်မြင်ခဲ့ပါဘူး။ နိုင်ငံတကာ ရာဇဝတ် ပြစ်မှုဆိုင်ရာ တရားစီရင်ရေးကို ထောက်ခံတဲ့လုပ်ငန်းစဉ်အရ Gbagbo ကို ဘယ်လ်ဂျီယံ က လက်ခံတာ ဖြစ်ကြောင်း အစိုးရ ပြောခွင့်ရ Karl Lagatie က ပြောပါတယ်။

Gbagbo နဲ့ နောက် သူနဲ့ အမှုတွဲ ဖြစ်တဲ့ Charls Ble Goude တို့ကို လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှု မကျူးလွန်ကြောင်း ဇန်နဝါရီလ ၁၅ ရက်နေ့က ICC က အမိန့်ချမှတ်ခဲ့ပေမယ့် သူတို့ကို လက်ခံတဲ့ နိုင်ငံမရမချင်း လွှတ်မပေးဘူးလို့ ပြောဆိုခဲ့တာပါ။

အိုင်ဗရီကိုစ့် နိုင်ငံမှာ ၂ဝ၁ဝ နဲ့ ၂ဝ၁၁ ခုနှစ်က လူပေါင်း ၃ ထောင်လောက် သေကြေခဲ့ရတဲ့ ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ အကြမ်းဖက်မှုတွေမှာ ဒီပုဂ္ဂိုလ်တွေ ပတ်သက်မှုရှိကြောင်း ထင်ထင်ရှားရှား သက်သေမပြနိုင်ဘူးလို့ တရားသူကြီးတွေက ပြောပါတယ်။ ရှေ့နေတွေဘက်ကတော့ အယူခံတင်ဖို့ စီစဉ်နေကြပါတယ်။

Your browser doesn’t support HTML5

ICC ကချွင်းချက်နဲ့ လွှတ်လိုက်တဲ့ Ivory Coast သမ္မတဟောင်း ဘယ်လ်ဂျီယံမှာ ဆက်နေရမည်