မန်ယူနည်းပြဟောင်း ဖာဂူဆန် အရေးပေါ် ဦးနှောက်ခွဲစိတ်ကုသမှုခံယူ

ဆာ အဲလက်က်စ် ဖာဂူဆန်။ ၂၂ ဖေဖော်ဝါရီ ၂၀၁၇။

အင်္ဂလန်ပရီးမီးယားလိဂ်က နာမည်ကျော်အသင်းတသင်းဖြစ်ပြီး မြန်မာပရိသတ်အများစု နှစ်သက် အားပေးကြတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အငြိမ်းစား ဂန္ထဝင် နည်းပြကြီး ဆာ အဲလ်က်စ် ဖာဂူဆန်ဟာ ဦးနှောက်တွင်း သွေးယိုစိမ့်မှုကြောင့် စနေနေ့ က အရေးပေါ် ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်လို့ မန်ယူအသင်းရဲ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

ခွဲစိတ်ကုသမှုက အဆင်ပြေ ချောမွေ့ခဲ့ပေမဲ့လည်း ကောင်းကောင်း ပြန်ပြီး နာလန်ထူ လာဖို့အတွက် ကြပ်မတ်ကုသဆောင်မှာ ကာလတခုထိ ဆက်နေရဦးမယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

အခုအခါ အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဖာဂူဆန်ဟာ မန်ယူအသင်းမန်နေဂျာအဖြစ် ၁၉၈၆ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ၂၇ နှစ်ကြာ လုပ်ဆောင်ခဲ့သူဖြစ်ပြီး ကမ္ဘာ့ ဘောလုံးလောကမှာ အထင်ရှားဆုံး မန်နေဂျာတဦးဖြစ်ပါတယ်။ သူ့ကို အထူးချွန်ဆုံးနဲ့ အအောင်မြင်ဆုံး ဘောလုံးအသင်း မန်နေဂျာတဦးအဖြစ် ကစားသမားတွေ၊ တခြား မန်နေဂျာတွေနဲ့ ဘောလုံးအားကစား လေ့လာသုံးသပ်သူတွေက တညီတညွတ် ထဲ သတ်မှတ်ထားကြတာပါ။

မန်ယူအသင်းရဲ့ မန်နေဂျာအဖြစ် လုပ်ဆောင်ခဲ့တဲ့ကာလအတွင်း ဆုဖလားပေါင်း ၃၈ ခုကို ရယူပေးနိုင်ခဲ့ပြီး အဲဒီထဲမှာ သူ နောက်ဆုံးတာဝန်ယူခဲ့တဲ့ ၂၀၁၂-၁၃ ဘောလုံးရာသီ ပရီးမီးယားလိဂ်ဖလားအပါအဝင် လိဂ်ဖလား ၁၃ ခု၊ FA ဖလား ငါးခု၊ ချန်ပီယံလိဂ် ဖလား နှစ်ခုတို့လည်း ပါဝင်ပါတယ်။

၁၉၉၉ ခုနှစ်မှာတော့ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်က ဘောလုံးအားကစားမှာ မစ္စတာဖာဂူဆန်ရဲ့ စွမ်းဆောင်မှုကို ဂုဏ်ပြုတဲ့ အနေနဲ့ ဆာ (Sir) ဘွဲ့ချီးမြှင့်ခဲ့ပါတယ်။