တောင်ကယ်ရိုလိုင်းနားပြည်နယ် ပါတီတွင်း သမ္မတရွေးပွဲ ထရမ့်အနိုင်ရ

တောင်ကယ်ရိုလိုင်းနားပြည်နယ် ပါတီတွင်း သမ္မတရွေးပွဲမှာ အနိုင်ရရှိသူ သမ္မတဟောင်း ဒေါ်နယ်ထရမ့် (ဖေဖေါ်ဝါရီ ၂၄၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ ကျင်းပခဲ့တဲ့ ရီပတ်ဘလစ်ကန်ပါတီတွင်း သမ္မတလောင်းရွေးပွဲမှာ သမ္မတဟောင်း Donald Trump က ပြိုင်ဖက်ဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးဟောင်း Nikki Haley ကို အနိုင်ရလိုက်ပါတယ်။

"မှန်းတာထက်တောင် ပိုပြီးအောင်မြင်မှု ရခဲ့ပါတယ်။" လို့ သမ္မတဟောင်းထရမ့်က စနေနေ့မှာ ကျင်းပခဲ့တဲ့ ပါတီတွင်းရွေးချယ်ပွဲ ရလဒ်နဲ့ပတ်သက်လို့ မှတ်ချက်ပေးခဲ့တာပါ။

အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ အရေးနိမ့်ခဲ့တဲ့ သံအမတ်ကြီးဟောင်း Haley ကတော့ သမ္မတလောင်းရွေးပွဲမှာ ဆက်ပြိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။ သံအမတ်ကြီးဟောင်းဟာ သမ္မတဟောင်းထရမ့်နဲ့ လက်ရှိသမ္မတ Joe Biden တို့ နောက်တကြိမ် ယှဉ်ပြိုင်မယ့် အခြေအနေကို မကြိုက်ကြတဲ့ မဲဆန္ဒရှင်တွေကို အဓိက စည်းရုံးနေပြီး၊ ငယ်ရွယ်ပြီး ခွန်အားရှိတဲ့ သမ္မတလောင်းတဦးအဖြစ် ထောက်ခံမှုရအောင် ကြိုးပမ်းနေတာပါ။

ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်မဲ ၃ ပုံ ၁ ပုံကျော်ရမယ့် ပြည်နယ် ၁၅ ခုနဲ့ အမေရိကန်ပိုင် နယ်မြေ ၁ ခုမှာ လာမယ့် မတ်လထဲ ကျင်းပမယ့် Super Tuesday ရွေးချယ်ပွဲမှာ ဆက်လက် ယှဉ်ပြိုင်မယ်လို့လည်း သံအမတ်ကြီးဟောင်း Haley ကကြေညာထားပါတယ်။