ဆီးရီးယားမှာ လုံခြုံရေးတပ်ဖွဲ့ဟောင်းကို ဖျက်သိမ်းပြီး အသစ်ပြန်လည်ဖွဲ့စည်းမည်

အသစ်ဖွဲ့စည်းလိုက်တဲ့ ဆီးရီးယား လုံခြုံရေးတပ်ဖွဲ့ (AP Photo/Leo Correa)

ဆီးရီးယားအာဏာရှင်ဟောင်း Bashar al-Assad အုပ်ချုပ်မှုအောက်မှာ ပြည်သူတွေ အလွန်အမင်း ကြောက်ရွံ့ခဲ့ရတဲ့ အဖွဲ့အစည်း၊ ဌာနတွေကို ဖျက်သိမ်းပစ်မယ်လို့ အုပ်ချုပ်ရေးအဖွဲ့သစ်ရဲ့ ထောက်လှမ်းရေးဌာန အကြီးအကဲက ပြောကြားလိုက်ပါတယ်။

နိုင်ငံရဲ့လုံခြုံရေးနဲ့ ပတ်သက်လို့ ဌာနဟောင်းတွေကို ဖျက်သိမ်းပစ်ပြီး ဆီးရီးယားပြည်သူတွေ လေးစားဂုဏ်ပြုရာ ရောက်စေတဲ့နည်းလမ်းနဲ့ ကိုက်ညီစေမယ့် ပုံစံသစ်တွေ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမှာဖြစ်တဲ့အကြောင်း ထောက်လှမ်းရေးဌာန အကြီးအကဲသစ် Anas Khattab က ရာထူးလက်ခံရရှိပြီး ၂ ရက်အကြာ ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ပြောကြားလိုက်တာပါ။ ဒီဇင်ဘာလဆန်းပိုင်းက အာဏာရှင်ဟောင်း အာဆဒ်ကို ဖြုတ်ချလိုက်ပြီး အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ အစိုးရအဖွဲ့က သူ့ကို ဒီရာထူး ခန့်အပ်တာဝန်ပေးလိုက်တာပါ။

အရင် အစိုးရရဲ့ လုံခြုံရေးအဖွဲ့အသီးသီးက ဖိနှိပ်မှုတွေ၊ နိုင်လိုမင်းထက် ပြုကျင့်မှုတွေ လုပ်ဆောင်ခဲ့ပြီး အကျင့်ပျက် ခြစားမှုတွေနဲ့ ပြည်သူလူထုကို ညှဉ်းပန်း နှိပ်စက်မှုတွေကို ပြည်သူလူထုက ခံစားခဲ့ကြရကြောင်း Anas Khattab က နိုင်ငံပိုင် SANA သတင်းမှာ ရေးသားဖော်ပြထားပါတယ်။

အာဏာရှင်ဟောင်း အာဆဒ်အစိုးရ ပြုတ်ကျသွားတာနဲ့အတူ အစိုးရအရာရှိတွေမှာ ထွက်ပြေးကုန်ကြပြီးတဲ့နောက် အကျဉ်းထောင်တွေက အကျဉ်းသားအားလုံးကိုလည်း လွတ်ပေးလိုက်ပြီး ဖြစ်ပါတယ်။

ဒီအတောအတွင်း လက်ရှိ တိုင်းပြည်ခေါင်းဆောင် တာဝန်ယူထားသူ Ahmed al-Sharaa က ဆီးရီးယားမှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ ၄ နှစ်လောက် အချိန်ယူရမယ်လို့ ပြောပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့မှာ တိုင်းပြည်ကို ထုတ်လွှင့်တင်ပြဖို့ရှိတဲ့ သူ့ရဲ့ မိန့်ခွန်းထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ခေါင်းဆောင်သစ်က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခြင်းလည်း ဖြစ်ပါတယ်။