ဆီးရီးယား စစ်သားဟောင်းတွေ ရာဇဝတ်မှု ကျုးလွန်မှုရှိမရှိ စစ်ဆေးမေးမြန်းခံ

ဆီးရီးယား စစ်သားဟောင်းများ သူပုန်တပ်ထံ လက်နက်ချ စာရင်းပေးသွင်းနေစဉ် (AP Photo/Leo Correa)

ရာနဲ့ချီတဲ့ ဆီးရီးယား စစ်သားတွေဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အရပ်သားအဖြစ် ဘဝ ဆက်လက်ရှင်သန်နေထိုင်ခွင့် အာမခံချက်ရရှိရေး အရပ်သားတွေအပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့ခြင်း ရှိမရှိ လူတွေ့ စစ်ဆေးမေးမြန်းခံနေကြပါတယ်။ ဆီးရီးယားမှာ သမ္မတ Bashar al-Assad အုပ်ချုပ်မှု အဆုံးသတ်ခဲ့ပြီးနောက်ပိုင်း တိုင်းပြည်ကို အုပ်ချုပ်နေသူတွေထံ စစ်သားတွေက မနေ့ကစပြီး ပထမဆုံးအကြိမ် အကြောင်းကြား သတင်းပို့ခဲ့ကြတာပါ။

ဆီးရီးယားနိုင်ငံကို နှစ်ပေါင်း ၆၀ လောက် အုပ်ချုပ်လာခဲ့တဲ့ Baath ပါတီ ဌာနချုပ်ရုံးမှာ ဖွင့်ထားတဲ့ နေရာကို ရောက်လာကြတဲ့ စစ်သားဟောင်းတွေကိုတော့ါ ဒမတ်စကတ်ကို ဒီဇင်ဘာ ၈ ရက်နေ့က ဝင်ရောက် စီးနှင်းသိမ်းပိုက်ခဲ့ကြတဲ့ သူပုန်အဖွဲ့က တာဝန်ရှိသူတွေက သူတို့ကို ကြိုတင် ပြင်ဆင်ထားတဲ့ မေးခွန်းတွေနဲ့ စစ်ဆေးမေးမြန်းခဲ့ကြပါတယ်။ စစ်ဆေးမေးမြန်းပြီးသူတွေကိုတော့ မှတ်တမ်းတင်ထားတဲ့ နံပတ်တွေ ထုတ်ပေးပြီး ပြန်ခွင့်ပေးခဲ့တာပါ။

စစ်ဆေးမေးမြန်းခံဖို့ စောင့်ဆိုင်းနေတဲ့ စစ်သားဟောင်းတချို့ကတော့ ပုံမှန်လစာအပြင် ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်ကောင်းတာကြောင့် အာဆဒ် အစိုးရလက်ထက် စစ်တပ်ထဲ ဝင်ခဲ့ကြတာလို့ အေပီ သတင်းဌာနကို ပြောပါတယ်။

ထောင်ပေါင်းများစွာသော အာဆဒ်ရဲ့ အစိုးရတပ်ဖွဲ့တွေ ရှိနေတဲ့ကြားက ဟန့်တားနိုင်ခြင်းမရှိဘဲ သူပုန်အဖွဲ့တွေရဲ့ ဝင်ရောက် တိုက်ခိုက်မှုခံရပြီး အာဆဒ်အစိုးရ အခုလို ရုတ်တရက် အလျင်အမြန် ကျဆုံးခန်းရောက်သွားတဲ့အပေါ် အများစုက အံ့အားသင့်ခဲ့ကြပါတယ်။

အခုတော့ သမ္မတဟောင်း အာဆဒ်ဟာ ရုရှားနိုင်ငံကို ထွက်ပြေးခိုလှုံနေရပြီး တိုင်းပြည်ကို အုပ်ချုပ်နေသူတွေက သူ့အစိုးရလက်ထက်မှာ ကျူးလွန်ခဲ့တဲ့ ကျူးလွန်ခဲ့မှုတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာမှာ - အစုလိုက်အပြုံလိုက် သတ်ဖြတ်မြုပ်နှံထားမှု၊ စစ်တပ်အုပ်ချုပ်မှုအောက်မှာရှိတဲ့ အကျဉ်းထောင် အများအပြား၊ တခြားညှဉ်းပန်းနှိပ်စက်မှုနဲ့ လူမဆန်စွာ သတ်ဖြတ်မှုတွေကိုလည်း စုံစမ်းစစ်ဆေးနေကြပါတယ်။