တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

ဝဒေသငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်အခမ်းအနား။ (ယခင်မှတ်တမ်းဓာတ်ပုံ/ ဓာတ်ပုံ - ချယ်ရီမြေ-ရှမ်းမြောက်)

[[Zawgyi/Unicode]]

တရုတ်-မြန်မာနယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ဟာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ် ပန်ဆန်းမှာ တွေ့ဆုံခဲ့ပြီး အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ပိုမိုခိုင်မာစေဖို့နဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်က ဒီကနေ့ အွန်လိုင်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နိုင်ငံရေးသုံးသပ်သူတွေကတော့ ဒီတွေ့ဆုံမှုဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို တပ်မတော် ဒါမှမဟုတ် နယ်ခြားစောင့်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ တိုက်တွန်းတာနဲ့ ဆက်စပ်နိုင်သလို လက်ရှိ စစ်ရေးအခြေအနေတွေနဲ့ ဆက်စပ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။ ပန်ဆန်းက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တွေ့ဆုံပွဲအကြောင်း ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို- ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။


ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ ခေါ် FPNCC မှာ ပါဝင်တဲ့ တရုတ်-မြန်မာနယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ ဒီလ ၁၆ ရက်နေ့က ပန်ဆန်းမှာ တွေ့ဆုံခဲ့ကြပါတယ်။

ဒီကနေ့ကျင်းပတဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ရဲ့ သတင်းစာရှင်းလင်းပွဲမှာ AA ရဲ့ ဒုတိယစစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင်က တွေ့ဆုံပွဲအကြောင်း အခုလို ပြောဆိုခဲ့ပါတယ်။

“အဖွဲ့အစည်းအချင်းချင်းကြားမှာရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အရင်ကထက်ပိုလို့ ခိုင်မာလာအောင်၊ နောက်ပြီးရင် မတွေ့တာကြာပြီဆိုတော့ကာ တဖွဲ့ချင်းရဲ့အခြေအနေတွေကိုလည်း တင်ပြရင်း၊ ရခိုင်ပြည်၊ ဗမာပြည်ထဲက အခြေအနေတွေကို အမြင်ချင်းဖလှယ်တဲ့ပုံစံမျိုးတွေကို ပြောဖြစ်ပါတယ်။ နောက်တခုက အခု UWSA ရဲ့ အသစ်ခန့်အပ်လိုက်တဲ့ မျိုးဆက်သစ်လူငယ်ခေါင်းဆောင်တွေနဲ့ ကျနော်တို့ကြားထဲမှာ ပိုလို့ ရင်းရင်းနှီးနှီးနဲ့ လက်တွဲပြီး အလုပ်လုပ်နိုင်ဖို့ဆိုတဲ့အချက်တွေ အများကြီးပါပါတယ်။”

ပြီးခဲ့တဲ့ သြဂုတ်အတွင်းကပဲ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က အသက်အရွယ်ကြီးရင့်တဲ့ ထိပ်ပိုင်းခေါင်းဆောင် အတော်များများကို ရာထူးက အနားပေးခဲ့ပြီး လူလတ်ပိုင်း မျိုးဆက်သစ်တွေနဲ့ အစားထိုး တာဝန်ပေးခဲ့ပါတယ်။

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှုကော်မတီ FPNCC အဖွဲ့ဝင်တွေ တွေ့ဆုံပွဲဟာ ကိုဗစ်ကပ်ရောဂါကြောင့် မတွေ့ဆုံဖြစ်တာကြာပြီဖြစ်တဲ့အတွက်၊ UWSA ခေါင်းဆောင်သစ်တွေနဲ့ မိတ်ဆက်ရင်း တွေ့ဆုံတဲ့ပွဲအဖြစ် ဒေါက်တာညိုထွန်းအောင်က ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း ရှမ်းပြည်နယ်က နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်ကတော့ ဒီတွေ့ဆုံပွဲဟာ ဝခေါင်းဆောင်သစ်နဲ့ တွေ့ဆုံပွဲ သက်သက်ထက် ပိုမယ်လို့ သုံးသပ်ပါတယ်။ စစ်ကောင်စီဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်နက်ဆက်ကိုင်မယ်ဆိုရင် တပ်မတော် ဒါမှမဟုတ် နယ်ခြားစောင့်တပ်မှာ ဝင်ရောက် အမှုထမ်းဖို့ တိုက်တွန်းတာနဲ့ ဆက်စပ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ ပထမတော့ဗျာ စစ်တပ်က ပြောတာက လွတ်လွတ်လပ်လပ်လာဆွေးနွေးလို့ ပြောတယ်။ ပြီးကျတော့ ၂၀၀၈ အခြေခံဥပဒေတို့၊ နယ်ခြားစောင့်တို့ ၊ ပြည်သူ့စစ်တို့ ၊အဲဒီ Schedule 1 နဲ့ 2 ကို စဉ်းစားခဲ့။ ဥပမာ ၂၀၀၈ အခြေခံဥပဒေ ဇယားတွေကို စဉ်းစားခဲ့ဆိုတဲ့အချိန်မှာ သူတို့ နည်းနည်းလေး ကို့ယိုးကားယားဖြစ်သွားပုံ ပေါ်တယ်။ သူတို့က နည်းနည်းပါးပါး စုပြီးမှ ရပ်ချင်တဲ့ သဘောရှိတာပေါ့။ ”

FPNCCမှာ ပါဝင်တဲ့ UWSA ဝ ၊ NDAA မိုင်းလားနဲ့ SSPP ရှမ်းပြည်တိုးတက်ရေးပါတီတို့ စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်နေတဲ့အဖွဲ့တွေဖြစ်ပါတယ်။ ဒီလ ၁၃ ရက်နေ့ကလည်း ပန်ဆန်းမှာ သူတို့ ၃ ဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီ ၃ ဖွဲ့ဟာ မြန်မာစစ်တပ်ဘက်က တိုက်တွန်းနေတဲ့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေ နယ်ခြားစောင့်တပ်မှာ ပါဝင်ရေးကို လက်ခံမယ့်ပုံ မရှိကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူတဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
မြန်မာနိုင်ငံတဝှမ်း တိုက်ပွဲတွေ ပြန်ပြီး များလာတဲ့ အနေအထားပေါ်မှာ သဘာထားအမြင်တွေ တွေ့ဆုံဆွေးနွေးတာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပါတယ်။

“ အခုက ရခိုင်မှာ ပြန်ပြီးတော့ တိုက်ပွဲစနေပြီလေ။ ရခိုင်မှာ အဲလိုဖြစ်တယ်ဆိုလို့ရှိရင် သူတို့ ညီနောင် ၃ ဖော်ပေါ့ဗျာ။ ကိုးကန့်နဲ့ တအန်းကလည်း လှုပ်ရှားမှုတွေ စလာလိမ့်မယ်လို့ ထင်တယ်ဗျ။ အခုက NUG ကလည်း တပြည်လုံး ထိုးစစ်စဖို့ အတွက် ညှိနှိုင်းဆက်စပ်နေတဲ့ အချိန်ဖြစ်တာကိုး။ KIA ဆိုလို့ ရှိရင် NUG နဲ့ ပေါင်းစပ်ပြီး လက်တွေ့လှုပ်ရှားနေတဲ့ အဖွဲ့ အစည်းပေါ့ဗျာ။ အဲလို အခြေအနေမှာ ပါဝင် လှုပ်ရှားလာမယ့် အင်အားစုတွေအပေါ် သူတို့ ဘယ်လို သဘောထားကြမယ်ဆိုတာ ဆွေးနွေးကြလိမ့်မယ် ထင်ပါတယ်။ သူတို့ သဘောထားတခုတော့ ရှင်းရှင်းလင်းလင်း သူတို့ သိအောင်လုပ်ကြရလိမ့်မယ် ထင်ပါတယ်။”

တရုတ်-မြန်မာနယ်စပ်အခြေစိုက် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ FPNCC မှာ UWSA ဝ၊ NDAA မိုင်းလား၊ KIA ကချင်၊ SSPP ရှမ်းမြောက်၊ TNLA တအန်း(ပလောင်)၊ MNDAAကိုးကန့်၊ AA ရခိုင် စတဲ့ လက်နက်ကိုင်အဖွဲ့တွေ ပါဝင်ပါတယ်။

ဒီအဖွဲ့ ၇ဖွဲ့ဟာ မြန်မာစစ်တပ်နဲ့ တနိုင်ငံလုံးပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို လက်မှတ် မရေးထိုးထားပါဘူး။ ဒါပေမဲ့လည်း UWSA ဝ၊ NDAA မိုင်းလား၊ SSPP ရှမ်းမြောက်အဖွဲ့တွေဟာ လက်ရှိ စစ်ကောင်စီက ကျင်းပနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အခြား NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ ၇ ဖွဲ့နဲ့ အတူ ပါဝင်တက်ရောက်နေပါတယ်။

Your browser doesn’t support HTML5

တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး.mp3

==================

[[Unicode]]















