ပြင်သစ်သမ္မတရွေးကောက်ပွဲ ဆိုရှယ်လစ်ဝါဒီ Hollonde အနိုင်ရ

အခုတနင်္ဂနွေနေ့ ပြင်သစ်သမ္မတ ရွေးကောက်ပွဲမှာ ဆိုရှယ်လစ်ဝါဒီ ဖရွန်ဆွာအိုလွန်း(ဒ်) (Francois Hollande) က လက်ရှိ သမ္မတ နီကိုးလက်ဆာကိုဇီ (Nicolas Sarkozy) ကို အနိုင်ရရှိသွားပြီမို့ ပြင်သစ်မှာ ခေါင်းဆောင်မှုအသစ် မြင်လာရတော့မှာပါ။ အခု နောက်တကြိမ် ရွေးကောက်ပွဲလုပ်တဲ့ မဲရလဒ်တွေမှာတော့ မစ္စတာ အိုလွန်း (ဒ်) က မဲ ၅၂ ရာခိုင်နှုန်း၊ မစ္စတာဆာကိုဇီက ၄၈ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြင်သစ်နိုင်ငံမှာ အလုပ်လက်မဲ့ ပြဿနာကြီးမားလာတဲ့အပေါ် ပြင်သစ်မဲဆန္ဒရှင်တွေက မကျေမနပ် ဖြစ်ခဲ့ကြသလို လက်ရှိ သမ္မတ ဆာကိုဇီရဲ့ မောက်မာထောင်လွှားတဲ့ နိုင်ငံရေးပုံစံကိုလည်း မကြိုက်ဖြစ်လာပါတယ်။ အခုလို ရှုံးနိမ့်တဲ့အပေါ်မှာ သူ တာဝန်ယူပါတယ်လို့ မစ္စတာ ဆာကိုဇီက ပြောပါတယ်။

မစ္စတာ အိုလွန်း(ဒ်) ဟာ နှစ်၂၀ နီးပါးအတွင်း ပြင်သစ်နိုင်ငံရဲ့ ပထမဆုံး လက်ဝဲခေါင်းဆောင်တဦး ဖြစ်လာပါတယ်။ သူဟာ သဘောထား ပျော့ပြောင်းတဲ့ နိုင်ငံခြားရေးသမားတဦးလို့လည်း အများက သတ်မှတ်ခံရသူဖြစ်ပါတယ်။ လက်ရှိ ပြင်သစ်နိုင်ငံရဲ့ အသုံးစရိတ်ကာမိအောင် ချမ်းသာသူတွေကို အခွန်အကောက်တိုးယူပြီး၊ အစဉ်အလာ ဆိုရှယ်လစ်ပုံစံ အခွန်အကောက်နဲ့ သုံးစွဲရေးအစီအမံတွေကို အကောင်အထည် ဖော်သွားမယ်လို့ မဲဆန္ဒရှင်တွေကို သူက ကတိပြုထားပါတယ်။ ဒါ့အပြင် ဂျာမန်ဝန်ကြီးချုပ် အန်ဂျဲလာ မာခဲလ်နဲ့ သူဟာ ပထမဆုံး တွေ့ဆုံပြီး ဥရောပသမဂ္ဂရဲ့ အသုံးစရိတ်လျှော့ချရေး အစီအစဉ်ကိစ္စကို ပြန်လည် ညှိနှိုင်းလိမ့်မယ်လို့လည်း မျှော်လင့်ထားကြပါတယ်။