ယူရို ၂၀၁၆ ပွဲစဉ်တွေ ဒီနေ့စပြီ

ယူရို ၂၀၁၆ ဥရောပဖလားဘောလုံးပွဲ

ယူရို ၂၀၁၆ ဥရောပဖလားဘောလုံးပွဲကို ပြင်သစ်နိုင်ငံမှာ ဒီကနေ့ သောကြာနေ့မှာ စတင် ကျင်းပမှာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၄ နိုင်ငံ ယှဉ်ပြိုင်ကြမယ့် ဒီဥရောပဖလားရဲ့ ဖွင့်ပွဲကိုတော့ ပဲရစ်မြို့မှာ ကျင်းပမှာဖြစ်ပြီး၊ ပြင်သစ်အာဏာပိုင်တွေဟာ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် အဆင်ပြေပြေကျင်းပနိုင်ဖို့အတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြပါတယ်။

ပွဲဦးထွက်အဖြစ် နဲ့ အိမ်ရှင် ပြင်သစ်အသင်း နဲ့ ရိုမေးနီးယားအသင်းတို့ ပဲရစ်မြို့က Stade de France ကွင်းမှာ ကစားကြမှာဖြစ်ပါတယ်။ အိမ်ရှင် ပြင်သစ် အသင်းကတော့ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ဗိုလ်စွဲမယ်လို့ ထိပ်ဆုံးကရေပန်းစားနေတဲ့ အသင်းလည်းဖြစ်ပါတယ်။

ပြင်သစ်အသင်းခေါင်းဆောင် Hugo Lloris ကတော့ - သူတို့အနေနဲ့ ဘာမှ လုပ်ပြထားတာမရှိသေးတဲ့အတွက် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်း မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ ရိုမေးနီးယားနည်းပြကတော့ သူ့အသင်း အနေနဲ့ ပြင်သစ်ကို ရင်ဆိုင်ဖို့ အဆင့်သင့်ဖြစ်နေပြီး၊ ပြင်သစ်ရဲ့ တိုက်စစ် ကို တောင့်ခံထားနိုင်မယ်လို့မျှော်လင့်တယ်လို့ ပြောလိုက်ပါတယ်။

ရိုမေးနီးယားအသင်းဟာ ခြေစစ်ပွဲ ၁၀ ပွဲမှာ ၂ ဂိုးသာပေးခဲ့ရပြီး ခံစစ်အကောင်းဆုံးအသင်းတသင်းဖြစ်ပါတယ်။ သူတို့ ၂ သင်း နောက်ဆုံး ၁၀ ကြိမ်တွေ့ထားတာမှာ ပြင်သစ်က ၅ ပွဲ နိုင်ပြီး၊ ၅ ပွဲ သရေကျထားပါတယ်။ ဒါပေမဲ့ နောက်ဆုံးတွေ့ထားတဲ့ ၅ ပွဲမှာ ၄ ပွဲက သရေကျထားတာဖြစ်ပြီး ၊ ရိုမေးနီးယားအသင်း ပြင်သစ်ကို နောက်ဆုံးနိုင်တာကတော့ ၁၉၇၂ ခုနှစ်ကဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ပဲရစ်မြို့က အလုပ်သမားတွေကလည်း ဆက်ပြီးတော့ သပိတ်မှောက်ဖို့ လုပ်နေကြပါတယ်။ ပြင်သစ်သမ္မတ Francois Hollande ကတော့ - ယူရို ၂၀၁၆ ပြိုင်ပွဲကို ထိခိုက်အောင် အလုပ်သမား သပိတ်မှောက် ဆန္ဒပြတာတွေလုပ်ဖို့ကြိုးပမ်းနေတာတွေနဲ့ ပတ်သက်ပြီး သတိပေး လိုက်ပါတယ်။ ပြင်သစ်ဟာ အုပ်စု A မှာ ရိုမေးနီးယား၊ ဆွစ်ဇာလန် ၊ အယ်လ်ဘေးနီးယားတို နဲ့ ကစားရမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ယူရို ၂၀၁၆ ပွဲစဉ်တွေစပြီ