IS စစ်သွေးကြွအပေါ် ပြင်သစ်လေကြောင်း တိုက်ခိုက်မှုတိုး

ပြင်သစ်နိုင်ငံ လွှတ်တော်အမတ်တွေက IS အစ္စလာမ်အစွန်းရောက် စစ်သွေးကြွတွေကို လေကြောင်းကနေတိုက်ခိုက်ရေးမှာ ပိုမိုပါဝင်ကူညီပေးသွားဖို့ သဘောတူလိုက်ကြပါပြီ။ အစ္စလာမ်စစ်သွေးကြွတွေကို သစ္စာခံတယ်လို့ ကျုံးဝါးခဲ့တဲ့ စစ်သွေးကြွ ၃ ဦးအနေနဲ့ ပါတီမြို့တော်မှာ လူပေါင်း ၁၇ ဦးကို သတ်ဖြတ်ခဲ့အပြီး တပတ်အကြာမှာ အခုလို ဆုံးဖြတ်လိုက်တာပါ။

ပြင်သစ်ပါလီမန်ကို မိန့်ခွန်းပြောရာမှာ ပြင်သစ်ဝန်ကြီးချုပ် Manuel Valls က ပြင်သစ်အနေနဲ့ ဘာသာရေးစစ်ပွဲ ဆင်နွှဲနေတာ မဟုတ်ဘူး။ ဒီ IS အစွန်းရောက်တွေကို စစ်ဆင်နေတာသာ ဖြစ်တယ်လို့ အင်္ဂါနေ့မှာ ထုတ်ပြောလိုက်ပါတယ်။ ဒ့ါအပြင် ဒီ IS အကြမ်းဖက်အဖွဲ့ကို စစ်ဆင်နွှဲရတာက ပြင်သစ်ပြည်သူလူထုကို ခုခံကာကွယ်ပေးဖို့လည်း ဖြစ်တယ်လို့ ပြင်သစ်ဝန်ကြီးချုပ်က ဆက်ပြောခဲ့ပါတယ်။

ဥရောပရဲတပ်ဖွဲ့ အကြီးအကဲကလည်း ဥရောပတိုက်သား ၅၀၀၀ အထိ ဆီးရီးယားက IS တွေနဲ့ ပေါင်းပြီး တိုက်ခိုက်နေကြတယ်။ သူတို့ ဥရောပနိုင်ငံတွေဆီကို ပြန်လာပြီး အကြမ်းဖက်မှုတွေ လုပ်မှာကို ပိုစိုးရိမ်လာရပြီလို့ မနေ့ကပဲ သတိပေးလိုက်ပါတယ်။

တကယ်တော့ ဆီးရီးယားနဲ့ အီရတ်အခြေစိုက် IS တိုက်ဖျက်ရေး အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့မှာ ဥရောပနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေနဲ့အတူ ပြင်သစ်နိုင်ငံလည်း ပါဝင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။