ပြင်သစ်လေကြောင်း တိုက်ခိုက်မှု ဆီးရီးယားမှာ စတင်

ဆီးရီးယား နိုင်ငံတွင်းမှာ သီတင်း ၂ ပတ်ကြာ စုံစမ်းထောက်လှမ်းပြီး အတည်ပြုနိုင်ခဲ့တဲ့ အစ္စလာမ္မစ် အစွန်းရောက် IS တွေရဲ့ပစ်မှတ်တွေကိုပထမဆုံးအကြိမ် လေကြောင်းကနေ တိုက်ခိုက်မှုတွေ စတင်လိုက်ပြီလို့ ပြင်သစ်နိုင်ငံက ပြောဆိုလိုက်ပါတယ်။

ဆီးရီးယားနိုင်ငံတွင်းက ဘယ်နေရာတွေကို တိုက်ခိုက်နေလဲ ဆိုတဲ့ အသေးစိတ်အချက်အလက်တွေ မထုတ်ပြန်ပေမယ့် ပြင်သစ်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ ပြင်သစ်နိုင်ငံကို တိုက်ခိုက်ဖို့ လေ့ကျင့်ပေးထားတဲ့ အစ္စလာမ္မစ်အစွန်းရောက် IS တွေ ခိုလှုံနေတဲ့ နေရာတွေကို တိုက်ခိုက်နေတာဖြစ်တယ်လို့ ပြင်သစ်ဝန်ကြီးချုပ် Manuel Valls က ပြောပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့ မနက်ခင်း တိုက်ခိုက်မှုတွေကိုတော့ပြင်သစ်တနိုင်ငံတည်းက ဆောင်ရွက်ခဲ့တာဖြစ်ပြီးအီရတ်နဲ့ ဆီးရီးယား နိုင်ငံတွင်းက အကြမ်းဖက်သမားတွေရဲ့စခန်းတွေကို တိုက်ခိုက်ချေမှုန်းနေတဲ့ အမေရိကန်ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့တော့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်လို့ ပြင်သစ်သမ္မတ Francois Holldande ရဲ့ရုံးကနေ ပြောဆိုခဲ့ပါတယ်။

အစ္စလာမ္မစ် စစ်သွေးကြွ IS တို့ရဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုတွေကို တွန်းလှန် တိုက်ခိုက်သွားမယ့် ပြင်သစ်ရဲ့ပြတ်သားတဲ့ ကတိကဝတ်ကို အခိုင်အမာ ပြသလိုက်တာ ဖြစ်တယ်လို့ ပြင်သစ်သမ္မတက ကြေညာချက်မှာ ထည့်သွင်းပြောဆိုပြီး ပြင်သစ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိပါးလာတဲ့အခါတိုင်း တိုက်ခိုက်သွားမယ်လို့လည်း ထပ်လောင်း ပြောကြားထားပါတယ်။ အစ္စလာမ္မစ် အစွန်းရောက် IS နဲ့ တခြား အကြမ်းဖက် အဖွဲ့အစည်းတို့ကြောင့် ဖြစ်ပေါ်လာရတဲ့ အကြမ်းဖက်မှု ပုံစံမျိုးစုံကနေ အရပ်သားတွေကို အကာအကွယ်ပေးရမှာဖြစ်သလို ဆီးရီးယား သမ္မတ Bashar al-Assad ရဲ့ သေကြေပျက်ဆီးစေတဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေကိုလည်း တားဆီးရမှာဖြစ်တယ်လု့ိပြင်သစ် သမ္မတရဲ့ ကြေညာချက်က ဖော်ပြပါတယ်။

အစ္စလာမ္မစ်စစ်သွေးကြွ IS တို့ကို တိုက်ခိုက်မှုတွေရဲ့ တခြား ဖြစ်ထွန်းမှုတခုကတော့ အီရတ်တို့က IS တို့ကို တိုက်ခိုက်ရေးအတွက် ဆီးရီးယား၊ အီရန်၊ ရုရှားတို့နဲ့ ထောက်လှမ်းရေး အချက်အလက်တွေ မျှဝေဖို့ သဘောတူလိုက်ကြတာ ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး သူတို့ရဲ့ စွမ်းဆောင်နိုင်စွမ်းကို လျှော့ချပစ်နိုင်ရေးကို ကြိုးပမ်းဖို့ လေးနိုင်ငံတို့အာရုံစိုက် လုပ်ဆောင်မှာ ဖြစ်တယ်လို့ အီရတ်အစိုးရ တာဝန်ရှိသူတို့က ဒီကနေ့မှာပဲ ကြေညာခဲ့ပါတယ်။