ပြင်သစ် အငြိမ်းစားစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရ

ပြင်သစ် အငြိမ်းစားစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရ

ပြင်သစ်အစိုးရရဲ့ ပင်စင်ခံစားခွင့် အစီအစဉ်ကို နိုင်ငံအဝန်း ဆန့်ကျင် ဆန္ဒပြမှုတွေ ၃ ရက်မြောက်နေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာ အလုပ်သမား သမဂ္ဂတွေကို ထောက်ခံပြီး ပူးပေါင်း ပါဝင်လာတဲ့ ကျောင်းသားတွေက ကျောင်းတွေမှာ တားဆီးပိတ်ဆို့ပြီး ရဲတွေကိုလည်း ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

အငြိမ်းစားယူရမယ့် အသက်အရွယ်ကို ၆၀ ကနေ ၆၂ နှစ်အထိ တိုးမြှင့်လိုက်တာဟာ လူမှုခံစားခွင့်တွေကို ထိခိုက်စေတယ်လို့ မြင်ကြတဲ့အတွက် အစိုးရက သူ့အစီအစဉ်ကို ပယ်ဖျက်ဖို့ တောင်းဆိုပြီး ကျောင်းသားတွေနဲ့ အလုပ်သမား သမဂ္ဂတွေက ဆန္ဒပြနေကြတာပါ။

အငြိမ်းစားယူရမယ့် အသက်အရွယ်ကို တိုးလိုက်တဲ့အတွက် သက်ကြီးရွယ်အို အလုပ်သမားတွေ များလာပြီး အခုအခါ အလုပ်လက်မဲ့နှုန်း ၂၀ ကျော် ရှိနေတဲ့ ပြင်သစ်နိုင်ငံမှာ လူငယ်လူရွယ်တွေအတွက် အလုပ်အကိုင် ရရှိရေး ထိခိုက်မှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

အတိတ်ကာလမှာတော့ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေက အစိုးရတွေရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို ပယ်ဖျက်နိုင်ခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။

အလုပ်သမား သမဂ္ဂတွေကတော့ လာမယ့် စနေနေ့ ဆန္ဒပြပွဲတွေ လုပ်ဖို့ မူလကတည်းက စီစဉ်ထားခဲ့တဲ့အပြင် အင်္ဂါနေ့မှာလည်း နောက်ထပ် ဆန္ဒပြပွဲတခု လုပ်ဆောင်သွားဖို့ တိုက်တွန်းထားတာပါ။

ဆန္ဒပြပွဲတွေကြောင့် ပြင်သစ်နိုင်ငံက ရေနံချက်စက်ရုံ ၁၂ ခုအနက် အများစုက လုပ်ငန်းတွေ ပိတ်ခဲ့ရတဲ့နောက် လောင်စာပြတ်လပ်မှာကို စိုးရိမ်မကင်း ဖြစ်နေတာတွေ လျော့ပါးအောင်လည်း အစိုးရက ကြိုးပမ်းနေပါတယ်။

ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပေမဲ့ သမ္မတ နစ်ကိုလတ် ဆာကိုဇီ (Nicolas Sarkozy) အစိုးရကတော့ အစိုးရ ကြွေးမြီတွေကို လျှော့ချစေဖို့ ရည်ရွယ်တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို ပယ်ဖျက်ဖို့အတွက် ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။