ပြင်သစ်ဆန္ဒပြပွဲ အရှိန်မပြယ်သေး

အဝါရောင် ရောင်ပြန်အင်္ကျီဝတ်ဆန္ဒပြပွဲအတွင်း မီးလောင်သွားတဲ့ကားတစီးကို ငြိမ်းသတ်ဖို့ ကြိုးစားနေတဲ့ မီးသတ်ရဲဘောများ။ (ဇန်နဝါရီ ၁၂၊ ၂၀၁၉)

သမ္မတ Emmanuel Macron ရဲ့ စီးပွားရေးပေါ်လစီတွေကို ကန့်ကွက်တဲ့အနေနဲ့ ပြင်သစ်နိုင်ငံမှာ အဝါရောင် ရောင်ပြန်အင်္ကျီတွေ ဝတ်ဆင်ထားသူတွေ သီတင်းပတ် ၉ ပတ်မြောက်အဖြစ်နဲ့ စနေနေ့က ထောင်နဲ့ချီတဲ့သူတွေ ဆက်လက် ဆန္ဒပြခဲ့ကြတာမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မြို့တော် ပဲရစ်အပါအဝင် Bourges ၊ Rouen ၊ Marseille နဲ့ Toulouse စတဲ့ မြို့တွေမှာ ကြိုကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ ပဲရစ်မြို့ အရှေ့ပိုင်းမှာရှိတဲ့ ဘဏ္ဍာရေးဝန်ကြီးရုံးကနေ မြို့ရဲ့ အနောက်ဘက် Arc de Triomphe လို့ခေါ်တဲ့ အောင်ပွဲခံ မုခ်ဦးဘက်ကို ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြပါတယ်။

Arc de Triomphe အောင်ပွဲခံ မုခ်ဦးအနီး ရောက်တဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။ ခဲတွေ၊ တခြား အရာဝတ္ထုတွေနဲ့ သူတို့ကို ပစ်ပေါက်နေတဲ့ ဆန္ဒပြ သူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။

သံချက်ကာကားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကတော့ ဆန္ဒပြသူတွေကို Champs-Elysee လမ်းမကြီးပေါ်ကို သွားလို့မရအောင် အနီးနား လမ်းတွေကနေ ပိတ်ဆို့ထားခဲ့ကြပါတယ်။ အဲဒီ အနီးဝန်းကျင်မှာ မော်တော်ကား တွေ သွားလာခွင့်ကိုတော့ စနေနေ့ နှောင်းပိုင်းမှာ လုံခြုံရေး တပ်ဖွဲ့တွေက ပြန်ဖွင့်ပေးခဲ့ပါတယ်။

လူပေါင်း ၃၂,၀၀၀ လောက် ပါဝင်ခဲ့တဲ့ စနေနေ့က ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၁၀၀ လောက်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Your browser doesn’t support HTML5

ပြင်သစ်ဆန္ဒပြပွဲ အရှိန်မပြယ်သေး