Freddy Grey အမှု ဂျူရီခုံရုံး ဆုံးဖြတ်ချက်ချဖို့ သဘောတူညီမှုမရ

Maryland ပြည်နယ် Baltimore မှာ အာဖရိကနွယ်ဖွား အမေရိကန် လူငယ် Freddie Gray သေဆုံးခဲ့ရတာနဲ့ ဆက်စပ်ပြီး တရားစွဲဆိုခြင်းခံထားရတဲ့ ရဲအရာရှိ William Porter ရဲ့ အမှုဟာ မှားယွင်း စစ်ဆေးစီရင်မှု ဖြစ်တယ်လို့ ပြည်နယ်တရားသူကြီးက ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

လူမည်းလူငယ် Freddie Gray ဟာ ဧပြီလအတွင်း ရဲကားထဲမှာ ပင်မကြောရိုး ဒဏ်ရာရပြီးတော့ သေဆုံးခဲ့သူ ဖြစ်ပါတယ်။

ဂျူရီအဖွဲ့ဝင်တွေက သုံးရက်ကြာ အကြိတ်အနယ် ဆွေးနွေးအပြီး ဒီအမှုနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက် တစုံတရာ ချနိုင်ခြင်း မရှိခဲ့ဘူးလို့ တရားသူကြီး Barry Williams ကို အကြောင်းကြားခဲ့တာပါ။ Mr. Williams က ဂျူရီ လူကြီးတွေကို ကျေးဇူးတင် စကားပြောဆိုခဲ့ပြီး ဂျူရီအဖွဲ့ကို ရုပ်သိမ်းလိုက်ပါတယ်။

အခုလို Freddy Grey အမှုနဲ့ ပတ်သက်ပြီး ဂျူရီအဖွဲ့ကို ရုပ်သိမ်းပြီး အမှုကို တရားသူကြီးက ပယ်လိုက်တာနဲ့ ပတ်သက်ပြီး Baltimore မြို့မှာ မကျေနပ်မှုတွေ ထွက်ပေါ်ခဲ့ရာမှာ သေဆုံးသူရဲ့ မိသားစုတွေကတော့ တည်တည်ငြိမ်ငြိမ် ရှိကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။