ဒေါ်အောင်ဆန်းစုကြည် ကို ပြင်သစ်သမ္မတ တယ်လီဖုန်းဆက် ဂုဏ်ပြု စကားပြော

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်သမ္မတ Francois Hollande သတင်းစာရှင်းလင်းပွဲ။ (ဇွန် ၂၆၊ ၂၀၁၂)

ပြင်သစ်သမ္မတက နိုဘယ်ငြိမ်းချမ်းရေးဆုရှင် နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းဖြင့် ဆက်သွယ် ရွေးကောက်ပွဲ အောင်မြင်မှု အပေါ် ဝမ်းမြောက်ကြောင်း ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာ ပြည်သူလူထု၏ ဆန္ဒကို လေးစားလိုက်နာပြီး နိုင်ငံရေးနဲ့ ဘာသာရေး တင်းမာမှုတွေ လျော့ကျစေဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စတွေကို လည်း ပြင်သစ်နိုင်ငံက သတိထား စောင့်ကြည့်နေ ပါတယ်လို့လည်း ပြင်သစ် သမ္မတက ပြောဆိုခဲ့တဲ့ အကြောင်း ပြင်သစ်နိုင်ငံ သံရုံးက ထုတ်ပြန်ထားပါတယ်။

အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့အပေါ် ဝမ်းမြောက် ပါကြောင်းနဲ့ ဆက်လက် ဆောင်ရွက်ဖို့ ကျန်နေသေးတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖွံ့ဖြိုးလာစေရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာ ပြတ်သားတဲ့ အခန်းကဏ္ဍနဲ့ စိတ်ဓာတ်ကို ချီးကျုးဂုဏ်ပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြင်သစ်နိုင်ငံဟာ မြန်မာပြည်သူလူထုရဲ့ဆန္ဒကို လေးစားလိုက်နာပြီး နိုင်ငံရေးနဲ့ ဘာသာရေး တင်းမာမှုတွေ လျှော့ကျလာစေဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်လိုလားတဲ့ ဆက်လက်ဆောင်ရွက်ရမယ့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စရပ်တွေကို သတိကြီးစွာထားပြီး စောင့်ကြည့်နေပါကြောင်းနဲ့ အဲဒီကိစ္စရပ်တွေကို ယုံကြည်စွဲမြဲ စွာ လုပ်ဆောင်ရမယ်ဆိုတာာနဲ့ပတ်သက်ပြီး အားလုံးက လေးစား လိုက်နာရပါမယ်လို့ ပြင်သစ်သမ္မတက ပြောပါတယ်။

အစိုးရသစ် တရပ် ဖွဲ့စည်းလာနိုင်ခြေ ရှိတဲ့ အထိ အမတ်နေရာ အများစု အနိုင်ရရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်ကတော့ အစိုးရသစ် ဖွဲ့စည်းနိုင်ရေး အာဏာလွှဲပြောင်းရယူနိုင်ဖို့အတွက် စီစဉ်နေပြီး အစိုးရသစ် အဖြစ် တာဝန်ယူချိန်မှာ နိုင်ငံရေး အကျဉ်းသားတွေ အရေး အလေးထားမယ်လို့လည်း ပါတီ ပြောခွင့်ရ ဦးဝင်းထိန်က ပြောပါတယ်။

“ဟုတ်ကဲ့ ကျနော်တို့ဖက်မှာလည်း ဆွေးနွေးညှိနိူင်းမှုတွေတော့ရှိပါတယ်။ သို့သော်လည်းပဲ အကြောင်းကြောင်းကြောင့် ဒီအသေးစိတ်ကိုတော့ ပြောခွင့်မရှိလို့ ကျနော်တို့ဖက်ကလည်းဆွေးနွေးနေကြတယ်ဆိုတဲ့ အချက်ပဲပြောပါရစေ။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကျနော်တို့ NLD က ခေါင်းဆောင်အများစုဟာ အကျဉ်းသားဘဝကနေပြီးတော့မှ ဒီအနေအထားကို ရောက်လာကြတာပါ။ အဲတော့ အခုလက်ရှိ ဦးသိန်းစိန်အစိုးရကနေပြီးတော့မှ ဖမ်းဆီးပြီး အကျဉ်းချခဲ့တဲ့ ပုဂ္ဂိုလ်တွေနဲ့ပက်သက်လို့ ကျနော်တို့ ပေါ့ပေါ့တန်တန် စဉ်းစားမှမဟုတ်ပါဘူး။ အလေးအနက် ထားပြီး စဉ်းစားရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အဲဒီလောက်ပဲ ပြောပါရစေ။”

ဒီကနေ့မှာဘဲ သမ္မတ ဦးသိန်းစိန်ကလည်း ဝန်ကြီးများ အစည်းအဝေး ခေါ်ယူပြီး တက်လာမယ့် အစိုးရသစ်ကို လုပ်ငန်း တာဝန်တွေ စနစ်တကျ လွှဲပြောင်းပေးနိုင်ဖို့ ပြင်ဆင်ထားကြဖို့ ညွှန်ကြားခဲ့တယ်လို့လည်း သမ္မတ ရဲ့ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။ သမ္မတ၊ လွှတ်တော် နာယကနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ခွင့်ပေးဖို့ အများစု အနိုင်ရ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်ကြားချက်ကိုလည်း မနေ့ကဘဲ အားလုံးတို့က သဘောတူလိုက်တာကြောင့် အစိုးရသစ်ကို အာဏာလွှဲပြောင်းရေးနဲ့ အာဏာအလွှဲအပြောင်းကာလ တည်ငြိမ်ရေးအပေါ်မှာ အပြုသဘောဆောင်တဲ့ မျှော်လင့်ချက်တွေလည်း ရှိလာနေပါတယ်။